စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖောင်းဆိုင်ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ရ

ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-State) မုံကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များက အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ဖောင်းဆိုဆုတောင်းတောင်၊ လွယ်ငူတောင်ဘက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

Puwang ကျေးရွာမှ တိမ်းရှောင်လာတဲ့ ပြည်သူများ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်များက ပူဝမ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုရှိခဲ့တာကြောင့် ကလေးငယ်များ၊ အသက်ကြီးရင့်သူများအတွက် စိုးရိမ်ဖွယ်ဖြစ်လာခြင်းကြောင့် ညနေပိုင်း ၂ နာရီခန့်တွင် ကျိန်ထုန်ကျေးရွာဘက် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

“ဖောင်းဆိုင်ရှိ စစ်ကောင်စီတပ်နဲ့ ကိုးကန့်ဘက်မှ စစ်တပ်က ဖောင်းဆိုင်ဆုတောင်းတောင်ဘက်ရယ် လွယ်ငူတောင်ဘက် လက်နက်ကြီးပစ်တော့ ပူဝမ်ကျေးရွာအနီးမှာ ကျရောက်ပေါက်ကွဲတာဗျာ၊ အဲ့တော့ ကလေးနဲ့ သက်ကြီးပိုင်းတွေက ကျိန်ထုန်ကျေးရွာဘက် တိမ်းရှောင်နေရတယ်’ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လွန်ခဲ့သော အပတ်တွင်လည်း မုံးကိုးရှိ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေရှိတဲ့ ကျေးရွာဘက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာ သုံးရွာရှိ ပြည်သူ ၁၀၀ ကျော်ကလည်း စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က သူတို့ တပ်စွဲထားရာ နေရာအနီးတဝိုက်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လိုက်မှုတွေ မကြာခဏပြုလုပ်လေ့ရှိတာကြောင့် ဒေသခံပြည်သူအချို့က တရုတ်-မြန်မာနယ်စပ်ဘက် တိမ်းရှောင်ခဲ့ကြပေမယ့် တရုတ်အာဏာပိုင်များက ပြန်လည်းမောင်းထုတ်မှုတွေ ပြုလုပ်လာခြင်းကြောင့် ပြည်သူများက အတိဒုက္ခရောက်ခဲ့ကြရပါတယ်။

Leave a Reply

*