စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် မန်ပန်ကျေးရွာပြည်သူအချို့ တိမ်းရှောင်ခဲ့ရ

တနိုင်း-လီဒိုလမ်းပေါ်ရှိ မန်ပန်ကျေးရွာဘက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်လာခြင်းကြောင့် ဒေသခံအချို့ စိုးရိမ်ထိတ်လာကာ ဘုရားကျောင်းဝင်းဘက် ထွက်ပြေး တိမ်းရှောင်နေခဲ့ရကြောင်း သိရပါတယ်။

တနိုင်း-လီဒိုလမ်းတစ်နေရာ

အောက်တိုဘာ ၈ ရက်နေ့က စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က မန်ပန်ကျေးရွာအတွင်းဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် သာသနာအိမ်တစ်လုံးနဲ့ ဒေသခံပြည်သူ အိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့ရမှုတွေ ရှိခဲ့တာကြောင့် ပြည်သူများထိခိုက်လာမည်ကို စိုးရိမ်သောအားဖြင့် သက်ကြီးပိုင်းနဲ့ ကလေးငယ်များကို ကြိုတင်ပြောင်းရွေ့ခဲ့ခြင်းဖြစ်ပါတယ်။

“သူတို့စိတ်ချရမှပဲ ပြန်လာခိုင်းမှာပါ၊ အချို့ကတော့ ပြန်လာကြပြီး တချိုကတော့ ခိုလှုံနေကြဆဲပါ၊ ပြန်လာတဲ့သူတွေကိုလည်း ဟိုဟိုဒီဒီလျှောက်မသွားကြဖို့ မှာထားတယ်၊ အများစုကတော့ သက်ကြီးပိုင်းတွေ ဘုရားကျောင်းဝင်းထဲမှာ နေထိုင်နေကြတယ်၊ ခဏတော့ စောင့်ကြည့်ရအုံးမှာ၊ ကျေးရွာမှာလည်း သတင်းတွေက အမျိုးမျိုးထွက်နေတော့၊ ပေါ်တာဆွဲတာတွေလည်းပြောတော့ စိုးရိမ်ကြတာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မန်ပန်ကျေးရွာက တနိုင်း-လီဒိုလမ်းမ ဒရုန်ချောင်းနဲ့ ခမာချောင်းကြားတွင် တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ကချင်၊ ကရင်၊ ချင်းလူမျိုးတွေ အများစုနေထိုင်ကာ အိမ်ထောင်စု ၃၀၀ ကျော် ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၆ နာရီခွဲခန့်တွင် တနိုင်း-လီဒိုလမ်း လဝါးကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဒွန်ဘုံးကျေးရွာဘက် စစ်ရေးလှုပ်ရှားခဲ့တာကြောင့် ကေအိုင်အေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

*