ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ရပ်ကွက် ၃ တွင် စက်တင်ဘာ ၂ ရက်နေ့ ညနေ ၉ နာရီအချိန် အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၁၄၂) မှ ရမ်းသမ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နေအိမ်ထိခိုက်ပြီး ကျွဲများလည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်အုပ်စုက အနီးဝန်းကျင်ဘက် ၈၁-မမ လို့ ခန့်မှန်းရတဲ့ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်လိုက်ချိန် ဒေါ့ဖုန်းယန်မြို့နယ် ရပ်ကွက် ၃ ရှိ ဦးဂန်ထု နော်တောင် နေအိမ်ဝင်းရှိ စားဖိုခန်းနဲ့ ကျွဲခြံတွင် ကျရောက်ပေါက်ကွဲခဲ့ကာ ကျွဲ ၇ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ကောင် သေဆုံးသွားခဲ့သလို နေအိမ်အနည်းငယ် ထိခိုက်ခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ကြောင်း သိရပါတယ်။
ဒေ့ါဖုန်းယန်မြို့တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက လူထုတည်ရှိတဲ့ ကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏဆိုသလို လုပ်ဆောင်လေ့ရှိတာကြောင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
လွန်ခဲ့သော ဇူလိုင် ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များက အနီးဝန်းကျင်ဘက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးရဲ့ နေအိမ်ထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အိမ်ရှင်တစ်ဦး ကျည်ထိမှန်ခဲ့ပြီး အိမ်ဝင်းရှိ နွား ၄ ကောင် သေဆုံးခဲ့သလို တစ်ကောင် ဒဏ်ရာရရှိခဲ့မှု ရှိခဲ့ပါတယ်။