ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာတွင် တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာလူထုကို ညအချိန် သွားလာခြင်းမပြုလုပ်ဖို့နဲ့ သွားလာပါက ပစ်သတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဧပြီလကစတင်ပြီး ပူတာအိုဒေသတဝိုက်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့တာတွေ ပြုလုပ်နေပြီး လူနေအိမ်များအထိ နေထိုင်တာတွေ ခပ်စိတ်စိတ်လုပ်ဆောင်လာခြင်း သိရပါတယ်။
တန်ဂျာကျေးရွာတွင် ဧပြီ ၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်က ကျေးရွာလူနေအိမ်အများစုနဲ့ စာသင်ကျောင်းများတွင် တပ်စွဲနေရာယူ နေထိုင်နေကာ ညအချိန် အပြင်ထွက်သွားလာသူများကို ပစ်ခတ်သတ်ဖြတ်မှာဖြစ်ကြောင်းလည်း ပြောဆိုထားတာကြောင့် ဒေသခံများက စိိုးရိမ်ထိတ်လန့်နေကြရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းခြင်း တစ်နှစ်ပြည့်အချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) နယ်မြေ ပူတာအိုခရိုင်၊ ဆွမ်ပီယန်နဲ့ လုံရှားယန်ကျေးရွာတဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွေ ပြင်းထန်စွာရှိခဲ့တာပါ။
အဆိုပါတိုက်ပွဲကြောင့် ဒေသခံအားလုံး ဘေးလွတ်ရာ တောတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာကနေ မတ်လ ၂၂ ရက်နေ့တွင် သက်ဆိုင်ရာအသင်းအဖွဲ့များနဲ့ ညှိ့နှိုင်းမှုဖြင့် နေရပ်ပြန်လည် နေထိုင်နေကြပြီဖြစ်ပေမယ့် အကြမ်းဖက် စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း တပ်အင်အားတိုးချဲ့ကာ နေထိုင်ခြင်းကြောင့် တိုက်ပွဲထပ်မံ ပြင်းထန်စွာ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြ ရပါတယ်။