အာဏာသိမ်းစစ်ကောင်စီမှ ကေအိုင်အေတပ်ဖွဲ့ကို လက်နက်ကြီးအပြင် လေကြောင်းဖြင့် နေ့ရောညပါ တိုက်ခိုက်နေတာ ၆ ရက်မြောက်ရောက်ရှိလာပြီဖြစ်ကာ ယနေ့ ဧပြီ ၂၉ ရက် ညနေ ၃ နာရီခွဲ ဝန်းကျင် စစ်ကောင်စီတပ်များရဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုမှာတော့ နွမ်လန်းကျေးရွာမှ ပြည်သူတစ်ဦး ဗုံးထိမှန်ပြီး သေဆုံးခဲ့ရကာ တစ်ဦးကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ မဆင်မခြင်လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၇၂) အရွယ် ဂျန်မာထွယ်ပါ သေဆုံးခဲ့ရပြီး အသက် (၂၇) နှစ်အရွယ် မရစ်ရွယ်ဆန့်ကတော့ ညာဘက်လက်မောင်း ပြတ်လုနီးပါးဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိမှာတော့ ဗန်းမော်ဆေးရုံပို့ဆောင်ထားကြောင်း သိရပါတယ်။
လွန်ခဲ့သောရက်ပိုင်းများတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်များရဲ့ လက်နက်ကြီးများဖြင့် ကျေးရွာများဘက် ရမ်းသန်းပစ်ခတ်မှုကြောင့် ဧပြီ ၂၅ ရက်နေ့က နေအိမ်အချို့ပျက်စီးခဲ့ရမှုတွေရှိခဲ့သလို ဧပြီ ၁၂ ရက်နေ့တုန်းကလည်း လက်နက်ကြီးကျည်ထိမှန်ပြီး အပြစ်မဲ့ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရမှုတွေရှိကာ ပြည်သူ ၂ ထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လက်ရှိ KIA တပ်စွဲထားပြီဖြစ်တဲ့ အလော့ဘွမ်တဝိုက် အာဏာသိမ်းစစ်ကောင်စီတပ်များက ဧပြီ ၂၄ ရက်နေ့က နောက်တစ်ကြိမ်အဖြစ် မြေပြင်ဝေဟင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်လာတာ ၆ ရက်တိတိရှိလာပြီဖြစ်ကာ ဒေသခံရွာသားအချို့က ထွက်ပြေးတိမ်းရှောင်ခွင့်မရရှိပဲ စစ်ကောင်စီမှ ဟန့်တားထားကြောင်း သိရပါတယ်။