စစ်ကောင်စီတပ်မှ ဝါရာဇွပ်ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်ခဲ့

တနိုင်းမြို့ဘက်ကနေ စစ်ရေးလှုပ်ရှား တပ်ဆုတ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က အောက်တိုဘာ ၇ ရက် ယနေ့ မနက် ၁၀ နာရီခန့်တွင် ဝါရာဇွပ်ကျေးရွာအနီးဘက် လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

လီဒိုလမ်းမအတိုင်း လှုပ်ရှားလာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကကြားဖြတ်မိုင်းဆွဲတိုက်ခိုက်အပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့တာဖြစ်နိုင်ကြောင်း သူကခန့်မှန်းပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ဝါရာဇွပ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့သလို ယုဇနကုမ္ပဏီရှိ လူတစ်ဦးမှာတော့ ကျည်အပိုင်းအစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်ပြီး ဘုရားကျောင်းဝင်းထဲ ဝင်ရောက်ခိုလှုံနေခဲ့ကြရကြောင်း သိရပါတယ်။

“ မနက် ၁၀ နာရီလောက်မှာ ပစ်ခတ်ကြတယ်၊ ကျတော်တို့ရွာ အရှေ့ခြမ်းဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တော့ သူတို့က လက်နက်ကြီး လက်နက်ငယ်နဲ့ ပြန်ပစ်နေတယ်လို့ ထင်တယ်၊ ကျေးရွာအတွင်းပိုင်းမကျပေမယ့် အနီးဘက်မှာ လက်နက်ကြီးလာကျ ပေါက်ကွဲတာ၊ ဘယ်နှစ်လုံးပစ်တာလည်း ဆိုတာတော့ မမှတ်ထားမိဘူး၊ ကြိမ်ဖန်များစွာ အသံတော့ကြားခဲ့ရတယ်။ ယုဇနကုမ္ပဏီမှာနေတဲ့ လူတစ်ဦးကတော့ လက်နက်ကြီကျည်စထိမှန်ပြီး လက်မှာဒဏ်ရာရခဲ့တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ယခုရက်ပိုင်းအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက တနိုင်းဒေသဘက် စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေကာ ထောက်ပို့ယာဉ်တန်းကို လုံခြုံရေးရယူဖို့ လှုပ်ရှားလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကေအိုင်အေကြား မကြာခဏဆိုသလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများရဲ့ နေအိမ်များတွင် တပ်စွဲနေရာယူတာတွေနဲ့ လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတွေကလည်း အမြဲလိုလိုလုပ်ဆောင်နေတာကြောင့် လီဒိုလမ်မတလျှောက်ရှိ ပြည်သူများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရပါတယ်။

Leave a Reply

*