စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဂျော်မော်နဲ့မဒန်ယန်တွင် ယမန်နေ့က ၆ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်

ယမန်နေ့ မေလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် ကေအိုင်အေဌာနချုပ်နယ်မြေ ဂျော်မော် တပ်စခန်းဘက်ကို ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကာ ၁ နာရီခွဲအချိန်မှာတော့ ဂျက်တိုက်လေယာဉ် ၂ စီး နောက်တကြိမ်လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပုံဟောင်းအသုံးပြုထားပါတယ်။

တပ်မဟာ (၅) တပ်ရင်း (၁၉) နယ်မြေ နောင်ဖာကျေးရွာအနီးတွင်လည်း နေ့လည် ၁၁ နာရီတွင် စစ်ကောင်စီတပ် တပ်မ (၈၈) အဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သလို ရှိန်ကော့ချောင်းအနီး နိုင်ဦးကုန်းတွင်လည်း ကေအိုင်အေ တပ်ရင်း (၂၅) နဲ့ စစ်ကောင်စီတပ်တို့ ညနေပိုင်း ၄ နာရီအချိန်ခန့်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မံစီမြို့နယ် မဒန်ယန်မှာတော့ ယမန်နေ့မှာပင် ကေအိုင်အေ တပ်မဟာ (၃)လက်အောက်ရှိ တပ်ရင်း (၁)၊ တပ်ရင်း (၁၂)နဲ့ တပ်ရင်း (၂၇) ပူးပေါင်းအဖွဲ့နဲ့ အာဏာသိမ်းစစ်တပ် ခမရ (၆၀၂) အဖွဲ့နဲ့ မနက် ၈ နာရီအချိန်ကစပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ထိုနေရာဘက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် မနက် ၁၀ နာရီနဲ့ ၁၀ နာရီခွဲအချိန်တွင် ၂ ကြိမ်၊ ညနေပိုင် ၃ နာရီနဲ့ ၄ နာရီခွဲတွင် တစ်ကြိမ်စီ လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ စစ်ကောင်စီတပ် ခမရ (၆၀၁) နဲ့ (၃၁၉) တို့ဘက်ကနေလည်း လက်နက်ကြီး ၁၂၀-မမ၊ ၁၀၅-မမ များဖြင့် မနက် ၈ နာရီခွဲအချိန်ကစတင်ပြီး အကြိမ်ပေါင်းများစွာ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရွှေကူမြို့နယ်မှာတော့ ယမန်နေ့ မေလ ၁၁ ရက်နေ့ မနက် ၆ နာရီတွင် ကေအိုင်အေ တပ်ရင်း (၁၂) မှ ရွှေကူမြို့ကနေ စစ်ကောင်စီတပ်သား (၁၅၀) ဦး တင်ဆောင်လာတဲ့ သင်္ဘောတစ်စီးကို ဇိန်ဘွမ်တွင် RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လက်နက်ငယ်များဖြင့်လည်း ကြိမ်ဖန်များစွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။

ယမန်နေ့မှာပင် ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၅) အဖွဲ့မှ မံစီမြို့နယ် မန်သာရှိ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းကို မနက် ၅ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။

မိုးကောင်းမြို့နယ်မှာလည်း ကေအိုင်အေ တပ်မဟာ (၈) လက်အောက်တပ်များမှ အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းကို တောင်နီနဲ့ ကရင်မြိုင်ကြား ညနေ ၆ နာရီတွင် ဆီးကြိုတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။

Leave a Reply

*