အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ မူဆယ်မြို့၊ မော်တောင်းဇွပ်ရာကျေးရွာမှ ဒေသခံပြည်သူတစ်ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့က မိသားစုနဲ့ ဒေသခံပြည်သူများ ရှာဖွေနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
သတ်ဖြတ်ခံရပြီး အလောင်းဖျောက်ခံလိုက်ရသူကတော့ မော်တောင်းကျေးရွာမှ လဖိုင်တူးလွမ် အသက် (၅၆) ရှိသူဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ် တပ်မ (၉၉) အဖွဲ့မှ စစ်ရေးလှုပ်ရှားသွားလာစဉ် လမ်းတစ်နေရာတွင် ဖမ်းဆီးခေါ်ဆောင်သွားကာ ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သလို ရုပ်ကလပ်ကိုလည်း မြေမြုပ် အလောင်းဖျောက်လုပ်ဆောင်ခဲ့ပါတယ်။
“စစ်ကောင်စီတပ်တွေက ဒေသပြည်သူ့ကာကွယ်တပ် PDF နဲ့ ပူးပေါင်းတယ်ဆိုပြီးတော့ သံသယနဲ့ သတ်ပစ်လိုက်တဲ့သဘောရှိတယ်၊ လဖိုင်တူးလွမ်ရဲ့ ခန္ဓာကိုယ်မှာလည်း ရိုက်နှက် ကန်ကြောက်ထားတဲ့အနာတွေ၊ သေနတ်နဲ့ အချက်ပေါင်း ၅ ချက် ၆ ချက်လောက်နဲ့ သေဆုံးနေတဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်” လို့ ဒေသခံမျက်မြင်တွေ့ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့ မော်တောင်းကျေးရွာတောင်ခြေ၊ ဘန်တောင်တောင်စောင်းတွင် စစ်ကောင်စီတပ် တပ်မ (၉၉) နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ မိနစ် (၃၀) ကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားအပြီး စစ်ကောင်စီတပ်က လဖိုင်တူးလွမ်အပါအဝင် မော်တောင်းဇွပ်ရာ ဒေသခံ (၁၀) ဦးကို ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးကာ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လဖိုင်တူးလွမ်ကလွဲပြီး ကျန် (၉) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့ပေမယ့် လဖိုင်တူးလွမ်က ပါဝင်လာခြင်းမရှိခဲ့ပါဘူး။