ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၄၄) နယ်မြေဖြစ်တဲ့ ကားမိုင်းမြို့နဲ့ နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ မတ်လ ၃၀ ရက်နေ့ နေ့လည် ၁၀ နာရီဝန်းကျင်တွင် အနီးပတ်ဝန်းကျင်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်မှတ်မရှိ ရမ်းသန်းပစ်ခတ်ခဲ့ကြပါတယ်။

ထိုနေရာများတွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေမရှိပေမယ့် ယခုလို စစ်ကောင်စီတပ်များက ပစ်ခတ်မှုတွေပြုလုပ်တာကြောင့် ကပ်မော်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာ၊ ဆောင်ခနဲ့ ဂါမတပ်ကျေးရွာတဝိုက် နေထိုင်သူများက စိုးရိမ်ထိတ်လန့်နေကြရတာပါ။
မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင်လည်း ကေအိုင်အို ဌာနချုပ် ခရာဘွမ်တွင်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်က အလန့်ဘွမ်ဘက်ကို ၁၂၀-မမ လက်နက်ကြီးဖြင့် ၂ ကြိမ်တိုင် ပစ်ခတ်ခဲ့ကာ ဂွမ်ရာစခန်းတွင်ရှိနေတဲ့ စစ်ကောင်စီတပ် ခလရ (၅၆) ကလည်း ဘေးပတ်ဝန်းကျင်ဘက်ကို ၈၁-မမ ဖြင့် ၂ ကြိမ်ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြပါတယ်။
သျှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက ဖေဖော်ဝါရီလကတည်းက ရှိနေတဲ့တာဖြစ်ပြီး ကချင်ပြည်နယ်မှာတော့ မတ်လ ၁၁ ရက်နေ့မှ စတင်ပြီး ဖြစ်ပွားလာတာဖြစ်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့အထိဆိုရင် ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်မှုတွေ့က အကြိမ် (၂၀) ထက်မနည်းရှိနေတာပဲ ဖြစ်ပါတယ်။