အာဏာသိမ်းစစ်ကောင်စီတပ်များက မြို့တွင်းတွင် နေ့ရောညပါ သေနတ်ပစ်ဖောက်ခြင်း၊ နေအိမ်များအထိ ပစ်ခတ်ခြင်း၊ ဗုံးပေါက်ကွဲစေခြင်းများကို အခုရက်ပိုင်း တွင်တွင်ကျယ်ကျယ် ပြုလုပ်လာတာကို တွေ့မြင်နေရပါတယ်။

ယမန်နေ့ မေလ ၅ ရက်နေ့ ညမထွက်ရအချိန်နောက်ပိုင်း ညနေ ၉ နာရီခွဲအချိန်ခန့်တွင်လည်း မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ နေအိမ်တစ်ခုကို ဗုံးလာရောက် ပစ်တာတွေ ပြုလုပ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
ပမ္မတီးကျေးရွာနဲ့ မော်ဖောင်းကျေးရွာအနီးတွင်ရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းကနေလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတွေကို ညစဉ်ညတိုင်း ပြုလုပ်နေသလို နေ့အချိန် ဖြတ်သန်းသွားလာတဲ့ အရပ်သားများကို စစ်ဆေးမေးမြန်းမှုတွေ တိုးမြင့်လုပ်ဆောင်နေတာပါ။
ထို့ပြင် ဗန်းမော်မြို့တွင်လည်း အောက်မြန်မာပြည်မှ စစ်ကားများဖြင့် စစ်အင်အားတိုးချဲ့မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အပြင် ဆေးရုံကြီးအပြင် မြို့တွင်းနေရာအချို့တွင်လည်း ဗုံးပေါက်ကွဲမှုတွေ၊ သေနတ်ပစ်ခတ်မှုတွေနဲ့ ပြည်သူတွေကို ကြောက်လန့်အောင် နေ့တိုင်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။