စစ်ကောင်စီတပ်များက ကျေးရွာဒေသခံများကို ထွက်ပြေးတိမ်းရှောင်ခြင်းမပြုလုပ်ဖို့ ခြိမ်းခြောက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စီဟတ်ကျေးရွာများတွင် ကျန်ရှိနေသူများကို မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီတပ်များက ပိတ်ပင်တားဆီးနေကြာင်း သိရပါတယ်။

 ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ထိစပ်နေတဲ့ ကျေးရွာများဖြစ်တဲ့ မြို့သစ်၊ ကုန်းလော၊ ဂျယ်ခတ်၊ စီဟတ်၊ နွမ်လန်ကျေးရွာများရှိ ပြည်သူများက တိုက်ပွဲပြင်းထန်ခြင်းကို စိုးရိမ်တာကြောင့် မိုးမောက်မြို့ဘက် ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ပေမယ့် စီဟတ်ကျေးရွာတွင် ကျန်ရှိနေသေးတဲ့ ဒေသခံများကို စစ်ကောင်စီတပ်များက တစ်ဦးတစ်ယောက်မျှ တိမ်းရှောင်ခြင်းမပြုလုပ်ဖို့ ထွက်ပြေးသူများကို ပစ်ခတ်သတ်ဖြတ်မှာဖြစ်ကြောင်း ပြောကြားလာတယ်လို့ သိရပါတယ်။

ယမန်နေ့တွင်လည်း စစ်ကောင်စီတပ် ခမရ (၃၈၇)မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်မှုကြောင့် ကုန်းလောကျေးရွာပြည်သူ တစ်ဦးသေဆုံးခဲ့ရသလို ယနေ့မှာလည်း စစ်ကောင်စီတပ်များရဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် နွမ်လန်ကျေးရွာဒေသခံ ပြည်သူတစ်ဦး သေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

အခုတလော ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပြီး ထိုဒေသတွင် တပ်စွဲထားတဲ့ ခမရ (၃၂၀)နဲ့ (၃၈၇) တပ်များက ကျေးရွာတွင်း ဒေသခံပြည်သူများနဲ့အတူ ရောနှောနေထိုင်နေတာကြောင့် ကျန်ရှိနေတဲ့ ဒေသခံများက ပိုမိုစိုးရိမ်ထိပ်လန့်နေကြရပါတယ်။

စီဟတ်ကျေးရွာကတော့ ရှမ်းလူမျိုးနဲ့ ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ကျေးရွာဖြစ်ကာ ကချင်အိမ်ထောင်စု ၂၀ ဝန်းကျင်လည်း နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

Leave a Reply

*