ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် ပန်ဆိုင်းမြို့ ကောင်ဆာတေးကျေးရွာ ဒေသခံပြည်သူများက တိုက်ပွဲပြင်းထန်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေစဉ် စက်တင်ဘာ ၁၉ ရက်နေ့က အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်များပေါ် ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရပ်စွန့်ခွာခဲ့ကြရတဲ့ ပြည်သူများရဲ့ မွေးမြူထားတဲ့ တိရိစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်သွားခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရပါတယ်။
“စစ်ဘေးရှောင်ပြည်သူအချို့ မိမိဒေသဘက် သွားရောက်ကြည့်ရှု့တော့ စစ်ကောင်စီအဖွဲ့တွေက အိမ်သော့တွေ ဖျက်စီးထားတာတွေ့ရတယ် နေအိမ်တွင်းမှာလည်း လုပ်ချင်တာလုပ် ပစ္စည်းတွေရိုက်ခွဲ၊ သူတို့လိုချင်တဲ့အရာတွေ ယူသွားလိုက်ကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ဆိုသလို ရှိနေခဲ့ကာ စစ်ဘေးရှောင်ပြည်သူများကလည်း တစ်နေ့ထက်တစ်နေ့များပြားနေခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် အပြစ်မဲ့ပြည်သူများ စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင် သေဆုံးခဲ့ရမှုတွေအထိ ရှိခဲ့ပါတယ်။