စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီး

မုံးကိုးဒေသတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသလို ပြည်သူနေအိမ်များလည်း ဗုံးထိမှန်ပျက်စီးမှုတွေလည်း များစွာကြုံတွေ့နေကြရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့တွင်လည်း မုံးကိုးဒေသ မန်ခွန်ကျေးရွာအနီး ဆင်ဆိုင်ထန်ကျေးရွာတွင် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် တို့တိုက်ပွဲဖြစ်ပွားခဲ့ကာ ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခြင်းခံလိုက်ရတဲ့အပြင် နှစ်ဖက်တိုက်ပွဲပြီးဆုံးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်လာကာ နေအိမ်အများစုကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဆင်ဆိုင်ထန်ကျေးရွာဒေသခံအများစုက မုံးကိုးမြို့ဘက် စစ်ဘေးရှောင်နေကြတာဖြစ်ပြီး ပြည်သူထိခိုက်မှုမရှိပေမယ့် ထားရစ်ခဲ့ရတဲ့ နေအိမ်နဲ့ အိမ်တွင်းပစ္စည်းများ မီးလောင်ပျက်စီးထဲ ပါဝင်သွားခဲ့ရပါတယ်။

“အဲ့ဒီဒေသက ပြည်သူတွေက တိုက်ပွဲမကြာခဏဖြစ်တာကြောင့် ၂၀၁၆ ကတည်းက မုံးကိုးဘက် နေရာငှားရမ်းနေထိုင်တာ၊ ဆွေမျိုးအိမ်တွေမှာ ခိုလှုံတာတွေပြလုပ်ပြီးတော့ အလုပ်လုပ်ချိန်ဆို နေရပ်ပြန်ကြတာ အခုတော့ တိုက်ပွဲဖြစ်ပွားချိန်လည်းဖြစ် မြန်မာစစ်တပ်က မီးရှို့လိုက်တော့ နေအိမ်မရှိကြတော့ဘူးလေ ဒေသခံတွေ သောကရောက်နေကြရပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆင်ဆိုင်ထန်ကျေးရွာတွင် ကချင်၊ ကိုးကန့်နဲ့ တရုတ်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ကာ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ဒီဇင်ဘာ ၂ ရက်နေ့က ကိုးကန့်တပ်မတော်နဲ့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

*