တနိုင်း-လီဒိုလမ်းမပေါ်ရှိ တိန်ကောက်ကျေးရွာနဲ့ ကောင်ရာကျေးရွာကြား စက်တင်ဘာ ၂၉ ရက် ယနေ့မနက် ၁၀ နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ် တပ်အားအား၊ လက်နက်ခဲယမ်းဖြည့်တင်းဖို့ လာရောက်တဲ့ စစ်ကြောင်းအတွက် လမ်းကြောင်း လုံခြုံရေးယူဖို့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၄၃ မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက် ယမန်နေ့က မိုးကောင်းမြို့ကနေ စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာများအပြည့် တင်ဆောင်လာတဲ့ စစ်ကား အစီး ၄၀ ပါဝင်တဲ့ စစ်ယာဉ်တန်း တနိုင်းမြို့ဘက်လာရောက်နေတဲ့ ယာဉ်တန်းလမ်းကြောင်းလုံခြုံရေးယူဖို့ လှုပ်ရှားလာတဲ့အဖွဲ့ဖြစ်နိုင်ကြောင်း ရှေ့တန်းစခန်းရင်းမြစ်တွေက ပြောပါတယ်။
တနိုင်း-လီဒိုလမ်းတစ်လျှောက် စစ်ကောင်စီအုပ်စုက စစ်အင်အား၊ လက်နက်ခဲယမ်းများနဲ့ ရိက္ခာများဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်နဲ့ မကြာခဏထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့တုန်းကလည်း ဒွန်ဘုန်းချောင်းနဲ့ ဆိုင်လင်းချောင်းဆုံတွင် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေ စောင့်ကြိုတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။