စစ်ကောင်စီတပ်နဲ့ KIA၊ MNDAA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေဆဲ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ထပ်တိုးလာခြင်းကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်မတော် (MNDAA) တို့နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

နိုဝင်ဘာ (၉) ရက်နေ့ ညနေပိုင်း ၃ နာရီခွဲခန့်တွင် ကေအိုင်အေ တပ်မဟာ (၈) နယ်မြေ ကသာမြို့နယ် မိုးသားလေးကျေးရွာအနီးတွင် ထိုဒေသတဝိုက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ် အင်အား (၇၀) ဝန်းကျင်ရှိတဲ့ စစ်ကြောင်း နဲ့ ကေအိုင်အေ၊ ဒေသပြည်သူ့ကာကွယ်ရေးတပ် ( PDF) ပူးပေါင်းအဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်လိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က အနီးဝန်းကျင်ဘက် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

ထိုဒေသတဝိုက်တွင် လွန်ခဲ့သောရက်ပိုင်းများတွင်လည်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခြင်းတွေ ပြုလုပ်ခဲ့ကာ ဒေသခံများကလည်း တိမ်းရှောင်နေကြရပါတယ်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) အခြေစိုက်တဲ့ နမ့်ဆူကျေးရွာအနိးတွင်လည်း နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲတွင် ပန်ဆိုင်းကနေ စစ်အင်အားတိုးချဲ့ဖို့ ရောက်ရှိလာတဲ့ စစ်ကောင်စီယာဉ်တန်း (၁၉) စီးပါစစ်ကြောင်းကို ကိုးကန့်တပ်မတော်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကာ တစ်နာရီကြာမျှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

*