နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။
ကားမိုင်း-လဝါးလမ်းဆုံတွင် ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၇ နာရီကနေ စတင်ပြီး ကားမိုင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခ့ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ဖြတ်သန်းသွားလာတဲ့ ယာဉ်များကို ငွေကြေးအတင်းတောင်းခံမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

အဆိုပါ ပူးပေါင်းအဖွဲ့က အင်အား ၃၀ ဝန်းကျင်ဖ့င့် လမ်းဆုံတွင် စောင့်ဆိုင်းနေကာ ဖားကန့်ဘက်က ခရီးသွားလာသူများရဲ့ ခရီးသည်တင်ယာဉ်၊ ကုန်ကားနဲ့ ဆီကားများကို ယာဉ်အကြီးအငယ်ပေါ်မူတည်ပြီး အနည်းဆုံး ၂ သောင်းကျပ်တောင်ခံနေခဲ့တာ ဖြစ်ပါတယ်။
“အရင်တုန်းကတော့ စစ်ဆေးတာတွေဘဲ လုပ်လေ့ရှိကာ အခုကတော့ ဆိုင်ကယ်များကို မတောင်းခံပဲ ခရီးသွားကားတွေ ဆီတင်ကားတွေ အကုန်လုံးကို မပေးမနေရ အတင်းတောင်ခံနေတာဖြစ်ပါတယ်။” လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့ဘက်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းမှုတွေ ထပ်တိုးလုပ်ဆောင်နေသလို ကေအိုင်အေတပ်နဲ့ နှစ်ဖက် ထိတွေ့မှုတွေကလည်း မကြာခဏရှိနေကာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံသေဆုံးမှုတွေလည်း ရှိခဲ့ပါသေးတယ်။
ယမန်နေ့ မနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ နယ်မြေတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၄၃၇ တပ်မှ ၁၂ ဘီးကားဖြင့် စစ်အင်အားအပြည့်သယ်ဆောင်ကာ လွယ်ဂျယ်လမ်ပိုင်းဘက် စစ်ကြောင်းထွက်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထိခိုက်မှုတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။
ထို့အပြင် ညနေပိုင်း ၂ နာရီခန့်မှာတော့ လွယ်ဂျယ်ဘက်မှ ဆင်းလာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ပရာဒိုကားတစ်စီးကို လော်ဒန်အနီး ၁၁ မိုင်တွင် ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။