တနိုင်း-လီဒိုလမ်းပိုင်း လဝါးကျေးရွာလမ်းဆုံရှိ စုပေါင်းဂိတ်တွင် နိုဝင်ဘာ ၁၉ ရက်နေ့ လည် ၁၀ နာရီခန့်ကစတင်ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ဖြတ်သန်းသွားလာကြတဲ့ ခရီးသွားပြည်သူများရဲ့ ဆိုင်ကယ်၊ မော်တော်ယာဉ်များအားလုံးကို စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က ဖားကန့်မြို့ဘက် ခရီးသွားလာသူများနဲ့ ဖားကန့်မြို့မှ ခရီးထွက်လာကြသူများရဲ့ ဆိုင်ကယ်၊ ကားများအားလုံးကို ရပ်ဆိုင်စေကာ ဖုန်းစစ်ဆေးခြင်း၊ ပစ္စည်းများ ပိုက်စိပ်တိုက်ရှာဖွေခြင်းတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
“ဖားကန့်သွားတဲ့လမ်း လဝါးလမ်းဆုံမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွင် ဖြတ်သန်းသွားလာတဲ့ ခရီးသွားအားလုံးရဲ့ ဆိုင်ကယ်၊ ကား အသေးစိတ်ကိုရှာတာ၊ ဖုန်းအထိလိုက်စစ်ဆေးတယ်၊ လက်နက်တွေပါမပါစစ်တာလားတော့မသိဘူး၊ အခြားအကြောင်းအရာနဲ့ ထိန်းသိမ်းထားတာတော့မတွေ့မိဘူး စစ်တာကတော့ ပြင်းပြင်းထန်ထန်စစ်နေတယ်” လို့ ခရီးသွားပြည်သူတစ်ဦးကပြောပါတယ်။
အဆိုပါစုပေါင်းဂိတ်တွင် ယခင်ကတည်းက လမ်းကြောင်းကောက်ခံမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး ဒေသတွင်း တိုက်ပွဲများဖြစ်ပွားလာပါက ခရီးသွားပြည်သူများကို စစ်ဆေးခြင်းတွေ ပြင်းထန်စွာ ပြုလုပ်လေ့ရှိနေတာပါ။
စက်တင်ဘာလက တနိုင်း-လီဒိုလမ်းပိုင်းတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ခဲယမ်း ဖြည့်တင်းခြင်း၊ ရိက္ခာဖြည့်တင်းခြင်းတွကို ပြုလုပ်ပြီး စစ်ရေးလှုပ်ရှားမှုတွေ မကြာခဏပြုလုပ်လေ့ရှိတာကြောင့် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။