ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) ပန်ဆိုင်းမြို့အနီးတွင် အောက်တိုဘာ ၃၀ ယနေ့ မနက် ၉ နာရီခန့်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားလာစဉ် ကိုးကန့်တပ်မတော်နဲ့ ၄၅ မိနစ်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့အပြီး ရိခူးကျေးရွာတွင် တစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့ကာ ကောင်စထေးကျေးရွာအနီးမှာ နှစ်ကြိမ် ထိပ်တိုက်ဖြစ်ပွားမှု ရှိခဲ့ကြောင်း သိရပါတယ်။
ထို့နောက် ညနေ ၅ နာရီ ၅၀ မိနစ်ခန့်မှာတော့ ပန်ဆိုင်းအနီး နမ့်ဘာတပ်ကျေးရွာအထက်ပိုင်းတွင် ၆ နာရီခွဲကြားအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကာ တရုတ်အမျိုးသမီး အသက် (၅၂) နှစ်အရွယ် တစ်ဦး ကျည်ထိမှန် သေဆုံးသွားခဲ့ပါတယ်။
“ဒီနေ့ကတော့ ပန်ဆိုင်းတဝိုက်မှာ ၅ ကြိမ်တိုက်ပွဲဖြစ်တယ်၊ ရိခူး၊ ကောင်စထေး၊ နမ့်ဘာတပ်စတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့မှာလက်နက်ကြီးတွေ ပစ်ခတ်ကြတာ မနက်ကတည်းကနေ အခုထိပဲ နမ့်ဘာတပ်မှာ ဖြစ်တော့ တရုတ်အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့တွင်လည်း မုံးကိုး-ဖောင်းဆိုင်ဒေသ မန်ယန်ကျေးရွာတွင် ကိုးကန့်တပ်မတော်နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ညနေ ၁၂ နာရီအချိန်ထိ မုံးကိုးတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။