စစ်ကောင်စီတပ်စခန်း နှစ်ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်

ဖားကန့်မြို့နယ်၊ ကံဆီးတဖက်ကမ်း နမ်ဂျန်တွင် နိုဝင်ဘာ ၁၄ ရက် ယနေ့မနက် ၇ နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ညက စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားတဲ့ နမ်ဂျန်ကျေးရွာအုပ်စုရှိ တပ်စခန်း သုံးခုကို ကေအိုင်အေမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ယနေ့မနက်မှာတော့ အောင်လဲန်ရှိ တပ်စခန်းနဲ့ ဆိုင်းဂျာရှိ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

နမ်ဂျန်ကျေးရွာအုပ်စုရှိ အောင်လဲန်၊ ဆိုင်းဂျာနဲ့ ဂါးခရန်ဘွမ် စတဲ့နေရာသုံးခုရှိ စစ်ကောင်စီတပ်စခန်းများကို ကေအိုင်အေတပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့မနက် တပ်စခန်း နှစ်ခု သိမ်းပိုက်လိုက်အပြီးမှာတော့ ဖားကန့်မြို့ရှိ စစ်ဗျူဟာကုန်းနဲ့ ကံဆီးဗျူဟာကုန်းများမှ လက်နက်ကြီးများ ပစ်ခတ်မှုတွေ ရှိခဲ့ကာ ဖားကန့်မြို့ ဒေသခံများကလည်း ထိတ်လန့်ခဲ့ကြရကြောင်း ပြောဆိုကြပါတယ်။

အဆိုပါ တပ်စခန်းများက ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ တပ်စခန်းများဖြစ်ပြီး ၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွားချိန်တွင်း လေကြောင်းဖြင့် တိုက်ခိုက်မှု ပြင်းထန်စွာလုပ်ဆောင်လာခြင်းကြောင့် စွန့်လွတ်ထားခဲ့ရတဲ့ တပ်စခန်းများဖြစ်တာကြောင့် ပြန်လည်ရယူခြင်းဖြစ်ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

Leave a Reply

*