တနိုင်း-လီဒိုလမ်းရှိ ရှဒူးဇွပ်ကျေးရွာ RCM ဘုရားကျောင်း ဆုတောင်းတောင်ကုန်းပေါ်တွင် တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၉၇) တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့က ဒီဇင်ဘာ ၂၇ ရက်နေ့တွင် လောဒ့်ဂျာကျေးရွာဘက် ၈၁-မမ လက်နက်လို့ ခန့်မှန်းရတဲ့အရာဖြင့် ၇ ကြိမ်ထက်မနည်း ပစ်ခတ်မှုပြလုပ်ခဲ့ပါတယ်။
ယမန်နေ့က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ကေအိုင်အေတပ်မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့အပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေရှိတဲ့ ကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လည် ၁၀ နာရီခန့်တွင် ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၄၄) နယ်မြေ ဆင်ဂတ်ယန်ကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ ၃၈၃, ၃၉၄ တပ်တို့က သုသာန်ဘက် ၈၂-မမ လက်နက်ကြီးဖြင့် ၁၀ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကာ လက်နက်ငယ်ဖြင့် အကြိမ် ၅၀ ဝန်းကျင် ရမ်သမ်းပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့ စစ်ကောင်စီတပ် ခမရ ၃၈၃နဲ့ ၃၈၄ တပ်ကို ကေအိုင်အေ ဝင်ရောက်တိုက်ခိုက်စဉ်တွင်လည်း လက်နက်ကြီးတစ်လုံး ဆင်ဂတ်ယန်ကျေးရွာဘက် ကျရောက်ပေါက်ကွဲမှုရှိခဲ့ကာ လူထိခိုက်မှုမရှိခဲ့ပေမယ့် နေအိမ်တစ်လုံး လက်နက်ကြီးကျည် အပိုင်းအစ ထိမှန်မှုရှိခဲ့တာကြောင့် စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေမှုကို ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။