စစ်ကောင်စီတပ်က ကျေးရွာတွင်း လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် ကလေးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူတွေရှိနေတဲ့ ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အသက် ၉ နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တဲ့ ကလေး

စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် လောက်ကိုင်မြို့ဘက်ရှိ စစ်ကောင်စီတပ်က မန်ခါကျေးရွာဘက် လက်နက်ကြီးပစ်ခတ်လိုက်စဉ် ဦးတန်ဂွမ်းနေအိမ်တွင် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဇနီးဖြစ်သူ ဒေါ်လဘန်ရွယ်နဲ့ အသက် ၉ နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တဲ့ ကလေးမှာတော့ ခန္ဓာကိုယ်နဲ့ ခြေထောက်ပိုင်းထိခိုက်ခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပါတယ်။

မန်ခါကျေးရွာနဲ့ အနီးဝန်းကျင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရရှိတဲ့နေရာဖြစ်တာကြောင့် ဆက်သွယ်ရေးခက်ခဲတဲ့ဒေသဖြစ်တယ်လို့ နီးစပ်သူတွေကပြောဆိုကြပါတယ်။

မုံးကိုးဒေသတွင် အာဏာသိမ်းစစ်ကောင်စီရဲ့  လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ အသက်ဆုံးခဲ့ရမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိခြင်းနဲ့ နေအိမ်ပျက်စီးခဲ့ရမှုတွေ ရှိခဲ့ပြီးဖြစ်သလို တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားတာကြောင့် စစ်ဘေးရှောင်ပြည်သူများလည်း အများအပြားရှိနေပါတယ်။

Leave a Reply

*