ကချင်ပြည်နယ် ဗန်းမော်ခရိုင်, မိုးမောက်မြို့နယ် လမ်းဆုံတွင် စက်တင်ဘာ ၂၇ ရက် ယမန်နေ့က စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၁ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မိုးမောက်တွင် တပ်စွဲနေတဲ့ စစ်ကောင်စီတပ် ခမရ ၄၃၇မှ အင်အား ၁၅ ဦးပါဝင်တဲ့ စစ်ကြောင်းက ခဝှမ်ဘန်လမ်းဘက် စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်ဖွဲ့ခွဲမှ တိုက်ခိုက်လိုက်ခြင်းဖြစ်ကာ ထိခိုက်သေဆုံးမှု စာရင်းအတိအကျတော့ မသိရှိရသေးပါဘူး။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအုပ်စုက ကချင်ပြည်နယ်တလွှား စစ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာဖြည့်တင်းမှုတွေ စဉ်ဆက်မပျက်လုပ်ဆောင်နေကာ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းများဖြင့် ဖြည့်တင်းနေတာကြောင့် ကေအိုင်အေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ ပန်ဆိုင်းတွင်လည်း မြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ပါဝင်ပြီး စစ်လက်နက်ခဲယမ်းများ သယ်ဆောင်လာတဲ့ စစ်ယာဉ်တန်း ၁၀ စီးအဖွဲ့ကို စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကိုးကန့်တပ်မတော် MNDAA မှ ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။