တနိုင်းမြို့နယ် ဂျန်ဘိုတောင်တွင် အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၈ နာရီခွဲခန့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၄၃) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ရှထုဇွပ်ကျေးရွာရှိ ခလရ (၂၉၇) တပ်ကနေ စစ်လက်နက်များနဲ့အတူ ထွက်ခွာလာတဲ့ စစ်ကြောင်းယဉ်တန်းကို ဂျန်ဘိုတောင် မရောက်ခင် ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ယနေ့မနက် ၂ နာရီခန့်မှာတော့ ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာ ရှုခင်းသာ ပြည်ထောင်စုလမ်းမအတိုင်း စစ်ကူဖို့ ချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်မဟာ (၄) တပ်ရင်း (၃၉) တို့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြေင်း သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းက မုံကိုး-ဖောင်းဆိုင်ဒေသဘက် စစ်ကူဖို့သွားရောက်စဉ် ကေအိုင်အေတပ်မှ တိုက်ခိုက်လိုက်ခြင်းဖြစ်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များက အနီးဝန်းကျင်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူများရဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ စစ်ကိုင်းဘက်ကနေ ကချင်ပြည်နယ်ဘက် စစ်လက်နက်ခဲယမ်းများ၊ ရိက္ခာများနဲ့ စစ်အင်အားများ သယ်ဆောင်လာတဲ့ စစ်ကောင်စီတပ် တပ်မ (၇၇)၊ (၈၈)နဲ့ တခက တို့ရဲ့ စစ်ယဉ် (၇) စီးကို ထီးချိုင့်တွင် တစ်ကြိမ်၊ မော်ဟန်နဲ့ နန့်စီးအောင်ကြားတွင် နောက်ထပ်တစ်ကြိမ် ဒေသပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်လိုက်ရာ စစ်ကောင်စီယဉ် ၅ စီး ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။