စစ်ကား (၁၄) စီးပါဝင်တဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေ ကြားဖြတ်တိုက်ခိုက်ခဲ့

ကချင်ဒေသ တကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည်မြောက်တဲ့ ယမန်နေ့ ဇွန်လ ၉ ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခလရ (၁၄၂) ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၁၉)မှ မုန်လိုင်ချောင်းတံတားအနီးတွင် စောင့်ကြိုပြီး တိုက်ခိုက်ခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။

အာဏာသိမ်းစစ်တပ်မှ တပ်အင်အားဖြည့်တင်းဖို့ စစ်ကာ (၁၄) စီး စစ်အင်အား ၄၀ ဝန်းကျင်ဖြင့် လက်နက်ခဲယမ်းများနဲ့ ရိက္ခာများသယ်ဆောင်လာစဉ် ကေအိုင်အေတပ်ဘက်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထိုအချိန် ဘွမ်ရဲဘွမ်တွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေ ရှိခဲ့ကာ ထိခိုက်မှုတော့ မရှိခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဖက်ကာမြို့ ဂါးလန်လမ်းဆုံတွင် ကွတ်ခိုင်မြို့ကနေ ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားလာတဲ့ တပ်အင်အား (၄၀)ရှိတဲ့ အာဏာသိမ်းစစ်တပ် ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) ခြေလျင်တပ်ရင်း (၃၉) အဖွဲ့မှ ကြားဖြတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ အကျအဆုံးစာရင်းကိုတော့ အသိအကျမသိရှိသေးကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင်လည်း အာဏာသိမ်းစစ်တပ်လက်အောက်ရှိ ရွှေကူမြို့ ရဲစခန်းကို ကေအိုင်အေနဲ့ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်တို့ပူးပေါင်းပြီး ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်မှု ရှိခဲ့ကြောင်း ဒေသခံများပြောကြပါတယ်။

Leave a Reply

*