စစ်ကိုင်းတိုင်း ကသာ-နဘားလမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အကောက်အခွန်ဂိတ်တစ်ခုကို ယမန်နေ့ ဩဂုတ်လ ၁၆ ရက် နေ့လည် ၁၀ နာရီခန့်တွင် ကေအိုင်အေတပ်နဲ့ ဒေသကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ တန်ပိုဂိတ်ဝင်ရောက်ဖျက်စီးစဉ် အကောက်ခွန် အရပ်သားဝန်ထမ်း ၄ ဦးကို ဖမ်းဆီးရမိကာ အင်းတော်တပ်စခန်းကနေ နဘားကျေးရွာဘက် လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တန်ပိုဂိတ်ကို အရပ်သားဝန်ထမ်းများ ခန့်အပ်ပြီး ဖြတ်သန်းသွားလာတဲ့ ခရီးသွားပြည်သူများနဲ့ ကုန်ကားများကို ငွေကြေးများစွာ အဓမ္မကောက်ခံခြင်းတွေပြုလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်နေတာကြောင့် KIA, PDF ပူးပေါင်းတပ်မှ ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးထားတဲ့ အရပ်သားဝန်ထမ်း ၄ ဦးကိုတော့ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်အပြီး ယနေ့တွင် ပြန်လည်လွတ်ပေးခဲ့ပြီဖြစ်ကြောင်း Indaw Revolution မှ ထုတ်ပြန်ထားပါတယ်။