“ငရုတ်ကောင်းဈေးနှုန်းကျဆင်းခြင်းကြောင့် ငရုတ်ကောင်းစိုက်ပျိုးသူများ အခက်အခဲတွေ့”

ကေအိုင်အို ထိန်းချုပ်ဒေသရှိ တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ ဖုန်လွန်ယန်စစ်းဘေးရှောင်စခန်းအထက်ပိုင်းရှိ ငရုတ်ကောင်း စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ ယခင်နှစ်ထက် ငရုတ်ကောင်း ဈေးနှုန်းကျဆင်းမှုကြောင့် အရှုံးပေါ်နေကြောင်း သိရှိရပါတယ်။ “ငရုတ်ကောင်းဈေးကွက််က ကျတော်တို့ဒေသမှာ မရှိသေးတော့ တရုတ်ပြည်ဈေးကွက််ကို အဓိကထား ရောင်းဝယ်နေတာပါ။ အရင်နှစ်တွေတုန်းကတော့ ငရုတ်ကောင်းတစ်ပြည်ကို တရုတ်ယွမ်ငွေ ၁၀၀ လောက်ရပေမယ့် အခုကတော့  ၃၂ ယွမ် လောက်ပဲရတော့တယ်” လို့ ဆွတ်မှုအောင်ရွာမှ ငရုတ်ကောင်းစိုက်တောင်သူ ဦးမရန်လွိန်က ပြောပြပါတယ်။ ငရုတ်ကောင်းဈေးကွက်ကျဆင်းသွားကာ အခြားစိုက်ပျိုးဖို့အခွင့်အလမ်းလည်း ခက်ခဲသွားခြင်းကြောင့် စစ်ဘေးရှောင်သူများ စိတ်သောကရောက်နေကြရပါတယ်။ ယခုနှစ် ငရုတ်ကောင်းဈေးကျတာအပြင် ယခင်နှစ်က ပိုးတစ်မျိုးလည်းကျနေတာကြောင့် ပိုးသတ်ဖို့နည်းပညာအခက်အခဲရှိကာ ဆုံးရှုံးမှုတွေရှိသလို နည်းပညာအကူအညီလည်းလိုအပ်နေတယ်လို့ ငရုတ်ကောင်းစိုက်တောင်သူတွေထံမှ သိရပါတယ်။ ဆွတ်မှုအောင်ကျေးရွာသားအများစုက ငရုတ်ကောင်းစိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြခြင်းဖြစ်ကာ တချို့က ကော်ဖီစိုက်ပျိုးခြင်းများ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

*