ဖေဖော်ဝါရီ ၂၈ ရက်နေ့လည် ၁:၃၀ တွင် ဂျထူဇွပ်ကျေးရွာ၊ (R.C.M)ဆုတောင်းတောင်နှင့် (K.B.C) ဆုတောင်း တောင် ကြား တွင် ခ.လ.ရ (၂၉၇)တပ်ရင်းမှ ထောင်ထားသောဗုံးတစ်လုံးအား ဂျထူဇွပ်ကျေးရွာနေ မဒင်ရင်ဆိုင်းမိုင် (အသက်- ၂၄ နှစ်) မှနင်းမိကာပေါက်ကွဲသွားကြောင်းနှင့်ယင်းပေါက်ကွဲမှုကြောင့်မဒင်ရင်ဆိုင်းမိုင်၏ ဘယ်ဖက်ခြေမျက်စိအထက်မှပြတ်ထွက်သွားပြီး မြစ်ကြီးနားဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။
လွန်ခဲ့သော ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် လည်း တနိုင်းမြို့ နယ်ဟူးကောင်းရပ်ကွက်နေဦးခမ်းဂွမ်ဂျာ၏ သား မောင်ခမ်းဇော်အောင်(အသက်- ၂၀ နှစ်)သည်အိမ်အတွင်းတွင်ဗုံးအဟောင်းတစ်လုံးကိုဖြုတ်ကစားနေစဉ် ဗုံးပေါက်ကွဲသွားခြင်းကြောင့်သေဆုံးခဲ့ကြောင်းသိရှရသည်။
တဖန် တနိုင်းမြို့နယ် နောင်လုံ ကုန်းရာကျေးရွာတွင်တပ်စွဲထားသောမြန်မာ့တပ်မတော်သည် KIA တပ်ခွဲ(၁၄)နယ်မြေ၊ ဂျာမော်နှင့်ပတ်မော်တွင်ကျန်ရှိနေသေးသော ရွာသူရွာသားများအားနေရပ်မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အမြန်ထွက်ခွာကြရန်အတင်းအကျပ်စေခိုင်းခဲ့ကြောင်းသိရှိရသည်။
ထို့အပြင်မြန်မာ့တပ်မတော်သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ မှစ၍ လက်နက်ကြီးများနှင့်ပစ်ခတ်မည်ဖြစ်ကြောင်းပြည်သူလူထုများအားကြေငြာသည့်အပြင် လက်နက်ကြီးများစမ်းသပ်ပစ်ခတ်ခြင်းများပြုလုပ်လျက်ရှိကြောင်းသိရှိရသည်။