ချီဖွေ ပြည်သူ့စစ်အဖွဲ့က ကိုဗစ်အကြောင်းပြပြီး ခရီးသွားပြည်သူများကို ငွေညစ်နေ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ချီဖွေ ပြည်သူ့စစ်အဖွဲ့က ပန်ဝါလမ်းပိုင်း ချီဖွေ ၄ မိုင် ဂိတ်တွင် ဒေသကိုဗစ်ကော်မတီ ဖွင့်လှစ်ပြီး စစ်ဆေးခြင်းခေါင်းစဉ်ဖြင့် ခရီးသွားပြည်သူများကို မတရား ငွေကြေးတောင်းယူမှုတွေ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ပြည်သူတစ်ဦးကပြောပါတယ်။

“ခရီးသွားသူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားပေမယ့်၊ ကျန်းမာရေးစောင့်ကြည့်ခြင်း ၁၀ ရက် ခံရမယ်ဆိုပြီးပြောတယ်၊ ဂိတ်ကနေ ဖြတ်သန်းခွင့်မပြုဘဲ ရပ်ခိုင်းထားတယ်၊ အဲ့ဒေသက လူကြီးတွေသတ်မှတ်တာတဲ့ ပိုက်ဆံပေးနိုင်ရင်တော့ ဖြတ်ခိုင်းနေတယ်ဗျာ” လို့ သူကပြောပါတယ်။

ချီဖွေမြို့ ၄ မိုင်ဂိတ် ကျန်းမာရေးစောင့်ကြည့်စင်တာတွင် ကွာရင်တင်းခံယူသူတစ်ဦးကို တစ်သိန်း ငါးသောင်းကျပ် သတ်မှတ်ကောက်ခံနေတာကြောင့် အဆိုပါဒေသတဝိုက်ရှိပြည်သူများက အခက်ကြုံနေကြရကာ ပန်ဝါ မြေရှားလုပ်ငန်းခွင်များတွင် အလုပ်သွားရောက်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေသူများကလည်း အများအပြားပိတ်မိနေကြပါတယ်။

အဆိုပါဂိတ်တွင် ဖြတ်သန်းသွားလာတဲ့ ခရီးသွားများအနေဖြင့် ကျန်းမာရေးစောင့်ကြည့်ခံဖို့ ငွေကြေးကောက်ခံမှု လုပ်ဆောင်နေတာ ၃ လရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

*