နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။
ဝိုင်းမော်မြို့နယ်၊ ဆနီခူးကျေးရွာအနီး ချီဖွေလမ်းပိုင်းတွင် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၅ တပ်ရင်း ၃ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မြစ်ကြီးနားမြို့ကနေ စစ်အင်အား ၅၀ ဝန်းကျင်ပါရှိတဲ့ ယာဉ်သုံးစီးဖြင့် ဆနီခူးဘက် ဖြတ်သန်းသွားလာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်လိုက်ကာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ယာဉ် ၂ စီးကို ကေအိုင်အေတပ်မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ကန်ပိုက်တီလမ်းတဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က စစ်ရေးလှုပ်ရှားမှုတွဗ ဆက်တိုက်လုပ်ဆောင်လာနေတာကြောင့် ကေအိုင်အေတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ မကြာခဏရှိနေတာဖြစ်ပါတယ်။
လွန်ခဲ့သော အောက်တိုဘာ ၁၅ ရက်နေ့တွင်လည်း ဆနီခူးအနီးရှိ တံတားတွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က လှုပ်ရှားမှု ပြုလုပ်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။