ချီဖွေနှင့်ဖိမော်ကြား မိုးရွာသွန်းမှုများပြားတာကြောင့် အများပြည်သူသွားလာရေးခက်ခဲနေ

ချီဖွေအထက်ပိုင်း ပန်ဝါ ဖြတ်လမ်း ၄ မိုင်အကွာမှ ဖိမော်ရွာအထိ မိုးများခြင်းဖြင့် ကားလမ်းသွားလာမှု စိုးရိမ်ဖွယ်ရှိနေကာ အများပြည်သူ ကူးသန်းသွားလာဖို့ခက်ခဲနေကြောင်း ဒေသခံများက ပြောပါတယ်။ ဒီကားလမ်းဟာ ဘက်ဖိုးဖြင့်သာ ဖောက်လုပ်ထားသော ကားလမ်းဖြစ်တာကြောင့် မိုးရွာသွန်းမှုများပြားရင် ရွံ့နွံ့တွေအဖြစ်ပြောင်းသွားကာ မြေပြိုမှုတွေလည်းရှိနေခြင်းကြောင့် စိုးရိမ်ဖွယ်အခြေအနေဖြစ်တာနဲ့အညီ ဖြတ်သန်းသွားလာမှုမပြုလုပ်ဖို့ လက်ရှိအချိန်တွင် လမ်းခေတ္တပိတ်ထားရပါတယ်။ ကားများဖြတ်သန်းသွားလာမှုမပြုလုပ်နိုင်သေးပေမယ့် ဆိုင်ကယ်သွားလာနိုင်အောင်တော့ ပြုပြင်မှုတွေ လုပ်ဆောင်နေကာ ဖိမော်ရွာအဝင်အထွက်ပြုလုပ်ဖို့ အခက်ကြုံနေရပါတယ်။ “ဒီရွာကိုရောက်ရှိနေတဲ့ အခြားရွာကသူတွေလည်း ပြန်လို့မရ အခြားနေရာကနေ ဒီကိုပြန်လာမည့်သူတွေကလည်း ပြန်တက်လာလို့မရ စတဲ့ အခက်အခဲတွေကို တွေ့ကြုံနေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီဒေသတဝိုက်ရှိ အများပြည်သူများက မိုးရာသီအချိန်တွင် အသုံးအဆောင်ပစ္စည်းများကို မြန်မာဘက်ခြမ်းသွားလာရခက်ခဲတာကြောင့် တရုတ်ပြည်ဘက်ခြမ်းမှ ပစ္စည်းများကို အဓိကထား ဝယ်ယူအသုံးပြုနေရကာ လက်ရှိအချိန်တွင် ဈေးနှုန်းမြင့်မားလာမှုတွေရှိနေခြင်းကြောင့် ဒေသခံပြည်သူများ အတိဒုက္ခရောက်နေကြရပါတယ်။ ခရီးသွားလာရေးခက်ခဲနေမှုကို လွတ်တော်အမတ်တွေရောက်ရှိချိန်တွင် ဒေသခံများက တင်ပြမှုတွေရှိခဲ့ပေမယ့် အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးမှုမရှိသေးကာ လက်ရှိတွင် သွားလာရေးခက်ခဲနေတဲ့ ကျေးရွာ ၁၀ ရွာကျော်ရှိနေပြီး အဲ့ဒီဒေသတွေက ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးဇုန်းတိန် မဲအနိုင်ရရှိထားတဲ့ မဲဆန္ဒနယ်လည်း ဖြစ်ပါတယ်။

Leave a Reply

*