ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသမှာ Fortuna Metals Company အနေဖြင့် သတ္တုတူးဖော်ဖို့ ၂၀၁၇ ခုနှစ်ကတည်းက စီမံချက်ချထားခြင်းကို ၂၀၂၀ အရောက်မှာတော့ အကောင်အထည်ဖော်လုပ်ဆောင်နိုင်ဖို့ ကြိုးစားလာမှုတွေရှိတာကြောင့် ဒေသခံများအနေဖြင့် ကန့်ကွက်သွားနိုင်ဖို့ ဩဂုတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
“ဒီစီမံချက်နဲ့ပတ်သက်ပြီး ဒေသခံတွေကို ပြောဆိုဆွေးနွေးတာတွေမရှိဘူး၊ တိုင်ပင်တာတွေမရှိဘူး၊ ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီတွေကပဲ လုပ်ဆောင်နေတာဖြစ်တယ်။ ဒေသခံတွေအနေဖြင့် အလုပ်အကိုင်ရရှိမယ်လို့သာပြောပေမယ့် ဘယ်လိုအလုပ်ဆိုတာမသိဘူး။ ဒီကန့်ကွက်မှုတွေကို အရင်တုန်းက ရဝမ်လူငယ်အဖွဲ့၊ ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ နိုင်ငံတော်သမ္မတဆီကို စာပေးပို့တင်ပြခဲ့ပေမယ့် အရေးတယူလုပ်မှုတွေမရှိဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပူတာအိုခရိုင်မှာနေထိုင်တဲ့ ဌာနေဒေသခံများအားလုံး သဘောထားတစ်ခုဖြင့် စာဖြင့်ကန့်ကွက်မှုတွေနဲ့ ဒေသခံများကို အမြင်ဖွင့်လုပ်ဆောင်သွားဖို့တွေရှိနေပါတယ်။
“သတ္တုတူးဖော်မှာနဲ့ပတ်သက်ပြီး ဖားကန့်၊ တနိုင်းဒေသတွေကို ကြည့်ရင် ဌာနေတိုင်းရင်းသားတွေ အခွင့်အရေးဆုံးရှုံးပြီးတော့ မူးယစ်သားကောင်တွေသာ ဖြစ်သွားတာကို တွေ့ရတယ်။ အဲ့ဒေသတွေမှာ ကျောက်စိမ်း၊ ရွှေ၊ ပယင်းတွေပေါ့လေ။ ပူတာအိုဒေသမှာတော့ သယံဇာတတူးဖော်မှာဖြစ်တာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးထိခိုက်လာမှာကို စိုးရိမ်သလို ဒေသခံများရဲ့ အခွင့်အရေးထိပါး ဆုံးရှုံးမှာဖြစ်တာကြောင့် လုံးဝကို ကန့်ကွက်သွားမှာပါ” လို့ ဆက်ပြောပါတယ်။
ကုမ္ပဏီအနေဖြင့် ဒေသခံများက အလုပ်အကိုင်ရရှိမည်၊ ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဟု ပြောဆိုထားပေမယ့် ကုမ္ပဏီအများစုက ကိုယ်ကျိုးစီးပွားအတွက်သာ စဉ်းစားလုပ်ဆောင်ကြတာကြောင့် ကချင်ပြည်နယ်ဒေသတစ်ဝိုက် လုပ်ဆောင်နေတဲ့ ကုမ္ပဏီများက အစိုးရနှင့်ဖက်စပ်လုပ်ဆောင်တာတွေ အများစုဖြစ်တာကြောင့် ဒေသခံများအနေဖြင့် လက်ခံပေးဖို့ ခက်ခဲနေပါတယ်။