မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာနဲ့ လွယ်ခေါကျေးရွာကြားရှိ ၂၁ မိုင် အာဏာသိမ်းစစ်ကောင်စီတပ်သားတွေရှိတဲ့ စုပေါင်းစစ်ဆေးရေးဂိတ်ကို ယနေ့မနက် ၃ နာရီမှ ၅ နာရီအတွင်း ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၁) အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

၂၁ မိုင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းမပြုလုပ်ခင် မရမ်းကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ် ခလရ (၂၆၀) တပ်ကို လက်နက်ကြီးဖြင့် ၂ ကြိမ် အရင်ပစ်ခတ်ခဲ့အပြီး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် အာဏာသိမ်းစစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် အနီးဝန်းကျင်ဘက် ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးသွားပြီး ကားတစ်စီးမီးလောင်ပျက်စီးမှုရှိခဲ့သလို လူနေအိမ်အချို့လည်း ကျည်ထိမှန်ခဲ့ပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ညနေပိုင်း ၂ နာရီခန့်တွင် ကေအိုင်အေ တပ်ရင်း (၁၁) တပ်စခန်းဘက် ဗုံးကြဲတိုက်ခိုက်မှု လာရောက်ပြုလုပ်ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေတပ်ကြား ၂၁ မိုင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားအပြီး အချိန်အတော်ကြာတဲ့အထိ ခရီးသွားပြည်သူများရဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာခွင့်မပေးခဲ့ကာ ၁၀ နာရီခွဲအချိန်မှ ပြန်လည် သွားလာခွင့်ပြုခဲ့ကြောင်း ခရီးသွားပြည်သူများထံမှ သိရပါတယ်။
ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲတွင်လည်း ကုန်းလော နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၂၅) တည်ရှိရာ စင်ယုဘွမ်နဲ့ စလောင်းကုန်းဘက် ၁၀၅-မမနဲ့ ၁၂၀-မမ လက်နက်ကြီးဖြင့် ၁၀ ကြိမ်မထက်မနည်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းတွင်လည်း အာဏာသိမ်းစစ်တပ်နဲ့အတူ ဖွင့်လှစ်ထားတဲ့ ဗလမင်းထင်တံတားအနီး မိုင်းနားစုပေါင်းဂိတ်ကို ကေအိုင်အေဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့အပြီး စစ်ကောင်စီတပ်က ကေအိုင်အေတပ်စခန်းအနီးဝန်းကျင်ဘက် နေရာ ၅ ခုထက်မနည်းတွင် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့မှု ရှိခဲ့ပါတယ်။