ခန္တီးမြို့နယ်ရှိ ရဲကင်းစခန်းအချို့ကို ကေအိုင်အေ တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ ခန္တီးမြို့နယ် နန့်စီပွန်ရှိ စစ်ကောင်စီတပ်စခန်းများကို ကေအိုင်အေ တပ်မဟာ (၉) လက်အောက်ရှိတပ်ရင်းတပ်ဖွဲ့များက ယနေ့ မေလ ၂၂ ရက်နေ့ မနက် ၄ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

နန့်စီပွန်ဒေသရှိ စစ်ကောင်စီရဲ့ စစ်တပ်ရင်းစခန်းနဲ့ ကျောက်စိမ်းမှော် လုပ်ကွက်များတွင် တပ်စွဲထားတဲ့ ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးအချိန် မီးရှို့ဖျက်ဆီးခဲ့ကာ မနက် ၇ နာရီမှာတော့ အာဏာသိမ်းစစ်တပ်မှ စစ်သုံးရဟတ်ယာဉ် ၄ စီးဖြင့် လာရောက် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိုဒေသရှိ အရပ်သားပြည်သူများ ထိခိုက်မှုရှိမရှိကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

ယမန်နေ့ မေလ ၂၁ ရက်နေ့က နေ့လည် ၁၁ နာရီအချိန်ခန့်တွင် နောင်ချိုမှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းများအပြင် တပ်သား ၁၀၀ နီးပါးတင်ဆောင်လာတဲ့ သင်္ဘောနှစ်စီးကို ကျောက်ကြီးနဲ့ တာယာကုန်းတွင် ကေအိုင်အေ တပ်မဟာ (၈) လက်အောက်ရှိတပ်ဖွဲ့များက ပုခုံးထမ်းလောင်ချာနဲ့ မော်တာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောနှစ်စီးစလုံး ခေါက်ပြန်သွားခဲ့ပါတယ်။

ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဘက်ကိုလည်း ကေအိုင်အေ တပ်ရင်း (၅) မှ မေလ ၂၁ ရက် မနက် ၄ နာရီခွဲအချိန်ခန့်တွင် ဒုံးလက်နက်ဖြင့် ၂ ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။

Leave a Reply

*