ကွတ်ခိုင် Asia World ဂိတ်အနောက် ပြည်သူတစ်ဦး သတ်ဖြတ်ခံထားရ

ကွတ်ခိုင်မြို့ Asia World ဂိတ်အနောက်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရိုက်နှက်သတ်ဖြတ်ခြင်းခံထားရတဲ့ ပြည်သူတစ်ဦးရဲ့ အလောင်းကို ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ရပါတယ်။

ရိုက်နှက်သတ်ဖြတ်ခံထားရသူကတော့ နမ့်ဖာလုံကျေးရွာမှ အသက် ၂၉ နှစ်အရွယ် မရန်တူးမိုင် ဖြစ်ကာ ကွတ်ခိုင်မြို့ဘက် ဦးလေးကို သွားကြိုရန် နေအိမ်ကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီခန့် ထွက်ခွာလာပြီး နေအိမ်ပြန်လည် မရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မရန်တူးမိုင် နေအိမ်ပြန်လည်ရောက်ရှိလာခြင်းမရှိတာကြောင့် မိသားစုများက ရှာဖွေမှုပြုလုပ်စဉ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ပျောက်ဆုံးပြီး ၄ ရက်အကြာမှာ လည်ပင်း၊ ခန္ဓာကိုယ်ပေါ်များတွင် ထုချေ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာများဖြင့် သေဆုံးနေကာ အလောင်းပစ်ခံထားရတာကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။

“ဒီသတ်ဖြတ်မှုနဲ့ သက်ဆိုင်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်သွားတာကို အတိအကျ မသိရှိရေသးပါဘူး၊ ဒါပေမယ့် သူ့မှာပါသွားတဲ့ ပိုက်ဆံ၊ ဖုန်းနဲ့ ဆိုင်ကယ်ကို ယူသွားတာဆိုတော့ ဓားမြတိုက်ခံရတာ၊ သူ့ကို မလိုမုန်းတီးသူတွေ သတ်ဖြတ်သွားတာဖြစ်နိုင်တယ်လို့ ယူဆနေကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မရန်တူးမိုင် သတ်ဖြတ်ခြင်းခံရတဲ့ကိစ္စနဲ့ သက်ဆိုင်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ မိသားစုများက လိုချင်ပေမယ့် မည်သူမည်ဝါသတ်ဖြတ်သွားခြင်းကို အတိအကျ မသိရှိရတာကြောင့် အမှုဖွင့်အရေးယူနိုင်ဖို့ မလုပ်ဆောင်နိုင်သေးကာ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဖေဖောဝါရီ ၂၀ ရက်နေ့ ည ၅ နာရီခန့်တွင် မြုပ်နှံခဲ့ပြီးဖြစ်ပါတယ်။

Leave a Reply

*