ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကွတ်ခိုင်မြို့ရှိ ကချင်ဓမ္မတက္ကသိုလ်ကျောင်းဝင်းအတွင်း နိုဝင်ဘာလ ၃ ရက် ယနေ့ညနေပိုင်း ၈ နာရီခွဲခန့်က အကြမ်းဖက် စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် တစ်ခု ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသား ၄ ဦး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း သိရပါတယ်။
ရုတ်တရက်ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်က ဓမ္မတက္ကသိုလ်ကျောင်းဝင်းရှိ အမျိုးသားအဆောင်အနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသား ၄ ဦး လည်ပင်း၊ ကျောဘက်နဲ့ ခြေထောက်တဝိုက် ကျည်စထိမှန်ခဲ့ကြပါတယ်။
လက်နက်ကြီး ပစ်ခတ်သံကို ကွတ်ခိုင်မြို့နေ ပြည်သူများလည်း ရုတ်တရက်ကြားခဲ့ရတာကြောင့် ထိတ်လန့်မှုတွေရှိခဲ့ပြီး မြို့အနီး အမှတ်တရကုန်းတွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဖြစ်ကြောင်း သိရပါတယ်။
ယခုရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့တဝိုက် တိုက်ပွဲဖြစ်ပွားမှုတွေ မရှိပေမယ့် ယခုလို မဆင်မခြင် မြို့တွင်း လက်နက်ကြီး ပစ်ခတ်လာမှုကြောင့် ဒေသခံများက စိုးရိမ်နေကြကာ ယခုလို လုပ်ရပ်အတွက် ရှုံ့ချနေကြပါတယ်။
ကချင်ဓမ္မတက္ကသိုလ် (ကွတ်ခိုင်)တွင် နိုင်ငံတွင်းရှိ နေရာဒေသအရပ်ရပ်မှ ကျောင်းသား ကျောင်းသူ ၁၇၅ ဦး ဓမ္မပညာ ဆည်းပူးနေကြတဲ့နေရာလည်း ဖြစ်ပါတယ်။