နေအိမ်ကနေ အပြင်ထွက်ပြီး ပြန်လည်မရောက် ပျောက်ဆုံးနေတဲ့ ကွတ်ခိုင်မြို့နေ လဖိုင်ခွန်ဇောင်လွမ်း ရဲ့ရုပ်အလောင်းကို ဇွန်လ ၂၁ ရက်နေ့ မနက်လမ်းဘေးတစ်နေရာတွင် သတ်ဖြတ်ခံလိုက်ရတာတွေ တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရပြီး မူလဝတ်စုံများဖြင့် မတွေ့ရဘဲ အဝတ်အစား ပြောင်းလဲပေးထားကာ အလောင်းဖျောက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့သူက ကွတ်ခိုင်မြို့ ရပ်ကွက် (၅) တွင် နေထိုင်တဲ့ အသက် (၄၁) နှစ်အရွယ် လဖိုင်ခွန်ဇောင်လွမ်းဖြစ်ကာ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်း (၈) နာရီခန့်တွင် နေအိမ်ကနေ ဆိုင်ကယ်ဖြင့် ထွက်ခွာသွားချိန် အိမ်ပြန်လည် မရောက်ရှိလာပဲ ဇွန်လ ၂၁ ရက်နေ့မှ ကွက်ခိုင် ရပ်ကွက် (၆) တာမိုးညှဲအထွက်လမ်း၊ နမ့်ခူးကျေးရွာအနီးတွင် ရုပ်အလောင်းကို နွားကျောင်းတဲ့ တအာင်းကလေးတစ်ဦး တွေ့ရှိခြင်းကြောင့် ပြန်လည်ရှာဖွေရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
သေဆုံးသွားသူက သေနတ်ပစ်ခတ်ခံရတဲ့ ဒဏ်ရာများ ရှိနေပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းကိုတော့ မသိရှိရသေးပါဘူး။ “သူ့အမျိုးသမီးသွားကြည့်တော့ သူစီးပြီးထွက်သွားတဲ့ ဆိုင်ကယ်၊ ဦးထုပ် တွေ့တယ် ဦးခေါင်မှာလည်း သေနတ်ပစ်ခံထားရပြီး လက်ထိပ်ခတ်ထားတာ တွေ့ရတယ်၊ ခြေသလုံးမှာလည်း ဓားဒဏ်ရာတွေနဲ့ ရက်ရက်စက်စက် လုပ်ဆောင်ထားတယ်ဗျာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လဖိုင် ခွန်ဇောင်လွမ် ရဲ့ ကျန်ရှိနေတဲ့ ရုပ်အလောင်းကိုတော့ ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြုပ်နှံခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။