ကွတ်ခိုင်မြို့အနီး ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ပါချီရွာ မန္တလေး-မူဆယ်လမ်းမကြီးတွင် ကေအိုင်အေ တပ်မဟာ (၆) လက်အောက်ရှိ တပ်ရင်း (၉) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ယနေ့နေ့လည် ၂ နာရီအချိန်တွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်များကို လိုက်လံပိတ်ဆို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ယနေ့နေ့ မေလ ၁၄ ရက်တွင် မံစီမြို့နယ် မဒန်ယန်အထက်ပိုင်း ဖရီထတောင်တွင် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုနေရာဘက်ကို ယနေ့မှာတော့ မံစီမြို့တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ မဂျီကုန်းရှိ စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူတာတွေလုပ်ဆောင်ခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

ယမန်နေ့ညမှာပင် မိုးမောက်မြို့နယ် ဆလောင်းကုန်းအနီး ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ညနေ ၇ နာရီခွဲအချိန်မှာလည်း ကေအိုင်အေ တပ်ရင်း (၂၃) ဒေသ လဂျားယန်၊ ကျောက်စခန်း၊ ယိခူးကုန်း၊ မန်ဆန်ကုန်း၊ ဘွမ်ရဲဘွမ်နဲ့ လိုင်လွမ်တပ်စခန်းများဘက်ကို စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*