ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရပ်ကွက် (၇) တွင် ဖွင့်လှစ်ထားတဲ့ ဂေသရှမန် လူငယ်ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းဂေဟာ ကိုစက်တင်ဘာ (၂၇) ရက် နေ့က ဆုတောင်းကာ ဖွင့်လှစ်ခဲ့ပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဓမ္မပညာကျောင်းနေ့ ရက်သတ္တပတ်နေ့ဖြစ်မှာ လူငယ်ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းဂေဟာကို ယနေ့ကစတင်ပြီး တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကာ ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့အတူ လုပ်ဆောင်နိုင်ခဲ့ကြောင်း Net Organization တာဝန်ခံ ဆရာမမိုင်းမိုင် ကပြောပါတယ်။
လူငယ်ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းဂေဟာကို Net Organization အဖွဲ့မှ ဦးစီးပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အစိုးရရဲ့ တရားဝင်ဖွင့်လှစ်ခွင့်ကို ရရှိထားတာဖြစ်တယ်လို့ ဆရာမ ကပြောပါတယ်။
ဂေဟာဖွင့်လှစ်ခြင်းရည်ရွယ်ချက်ကိုတော့ “ကျမတို့က ဘာသာမရွေးဘူး သို့ပေမယ့် စစ်ဘေးရှောင်မှာနေထိုင်တဲ့ မသန်စွမ်းသူတွေကို အဓိကထားတာဆိုပေမယ့် ဒီစစ်ပွဲကြောင့် ဒေသတွင်းတွေမှာ အခက်အခဲဖြစ်နေတဲ့သူတွေကိုလည်း ထည့်သွင်းထားပါတယ်” လို့ ဆရာမမိုင်းမိုင်ကပြောပါတယ်။
ဂေဟာတွင်ရှိတဲ့ မသန်စွမ်းသူများကို လက်မှုပညာ၊ လူအများဖြင့် နေထိုင်မှုပုံစံနဲ့ မသန်စွမ်းသူများကို အထင်အမြင်သေးမှုမရှိရလေအောင် အမြင်ဖွင့်သင်တန်းပေးမှုတွေ ပြုလုပ်သလို လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ဖြစ်တာကြောင့် အစီအစဉ်ကို ဆုတောင်းခြင်းဖြင့်သာ ပြုလုပ်ခဲ့တာပါ။
လူငယ်ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းဂေဟာကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ဖွင့်လှစ်ခြင်းဖြစ်ကာ လက်ရှိဂေဟာမှာ ကိုယ်အင်္ဂါ မသန်စွမ်းသူ (၃၂) ဦး လက်ခံထားရှိပါတယ်။