ကွတ်ခိုင်နဲ့ အင်းတော်တွင် အကြမ်းဖက် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အထက် ဖာခတ်နဲ့ နမ်ဖာလွန်ကြား စိုက်ပျိုးရေးခြံအနီးတွင် ယနေ့ ဇူလိုင် ၂၈ ရက်နေ့ ၁၂ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၉)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နမ့်ခိုင်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နမ်ဖလွန်တောင်ဘက် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့တွင်လည်း ကောင်းခါးတပ်စခန်းကနေ ဂွေထောက်ကျေးရွာဘက် စစ်ရေးလှုပ်ရှားလာတဲ့ အင်အား ၅၀ ပါ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၅၀) တပ်ကို ကေအိုင်အေတပ်ရင်း (၂၇) မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုလည်းရှိခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသတွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုတွေက ယခုရက်ပိုင်းအတွက် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

ယနေ့မနက် ၁၀ နာရီခွဲခန့်တွင်လည်း အင်းတော်မြို့နယ် မော်လူးရဲစခန်းကနေ စစ်ကား သုံးစီးဖြင့် ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ  စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ယာဉ်တန်းကို KIA, KPDF ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ရာ စစ်ယာဉ်တစ်စီး ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*