ဟူးကောင်းဒေသ နမ့်ဗျူ၊ နမ့်ဂေါင်တွင် ယနေ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၀ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၄) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နမ့်ဗျူကျေးရွာ အကြမ်းဖက် စစ်ကောင်စီရဲ့ နမ့်းဂေါင်တပ်စခန်း ခမရ (၃၉၀) တပ်ကို KIA တပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ၁၂ နာရီခွဲအချိန်ထိ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ကြားခဲ့ရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ က စပြီး တိုက်ပွဲဖြစ်ပွားတဲ့ နေရာတိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ ရမ်းသမ်းဗုံးကြဲမှုကြောင့် ဒေသခံများရဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိတဲ့အပြင် ကပ်မှော်ဇွပ်ကျေးရွာတွင်လည်းဒေသခံ အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ရတဲ့အပြင် ဒဏ်ရာပြင်းထန်စွာ ရရှိသူများလည်း ရှိနေကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကသာခရိုင်၊ မိုးသားကြီးကျေးရွာတွင်လည်း ယနေ့ မနက် ၉ နာရီခန့်တွင် အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီအဖွဲ့နဲ့ KIA, PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ အထိနာမှုတွေ ရှိလာတာကြောင့် ဂျက်တိုက်လေယဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။