ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလန်းကောင်တွင် မေလ ၂၄ ရက်နေ့ ယနေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် အာဏာသိမ်းစစ်တပ် ခမရ (၄၃၇) တပ်မှ ကျေးရွာတွင်း လက်နက်ကြီး ပစ်ခတ်လိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားခဲ့ရပါတယ်။

သေဆုံးသွားခဲ့ရတဲ့ မောင်အောင်ဒီး ကကြက်စာကျွေးနေစဉ် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် အနီးတွင် ကျရောက်ပေါက်ကွဲပြီး ဦးခေါင်းတွင် ကျည်စထိမှတ်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့မှုကြောင့် သေဆုံးသွားခဲ့ရတာဖြစ်ပြီး မေလ ၂၅ ရက်နေ့တွင် ဈာပနအခမ်းအနားပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မိုးမောက်မြို့နယ်တွင် မတ်လကစတင်ပြီး အာဏာသိမ်းစစ်တပ်မှ နေ့စဉ်နေ့တိုင်းလိုလို ကျေးရွာအနီးဝန်းကျင် လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြရတာပါ။
“မိုးမြောက်မြို့က အာဏာသိမ်းစစ်တပ်နဲ့အလွန်းနီးတဲ့နေရာဖြစ်တယ် သူတို့က အနီးတဝိုက် ဘေးပတ်လည်ကို လက်နက်ကြီးတွေလည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ကြတယ်၊ အသက်ကြီးတဲ့သူတွေက အလွန်ကြောက်လန့်နေကြရတာပေါ့၊ အချိန်အခါမရွေး နေ့ရောညရော သူတို့ ပစ်ချင်သလို ပစ်နေကြတာ၊ မပစ်ကြနဲ့လို့လည်း ပြောလို့မရ၊ လုံခြုံမှုတော့ မရှိဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားလာချိန်ကစတင်ပြီး စစ်ကောင်စီတပ်များက နေ့စဉ်နေ့တိုင်း သူတို့တပ်စွဲထားရာနေရာအနီးရှိ ကျေးရွာတဝိုက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေ စဉ်ဆက်မပျက်လုပ်ဆောင်တာကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးရမှုရှိသလို ထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့ နေအိမ်မီးလောင်ပျက်စီးမှုတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။