ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) မုံကိုး-ဖောင်းဆိုင်းဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာတာကြောင့် ဖိုင်ကောင်ကျေးရွာနဲ့ ကောင်ဆာထိကျေးရွာရှိ ပြည်သူများက ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ကစတင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားပြီး ရွာအတွင်းဘက် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေ ရှိလာတာကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရကာ အသက်ဘေး လုံခြုံရေးအခြေအနေအရ ဘေးလွတ်ရာဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။
လက်ရှိထွက်ပြေးတိမ်းရှောင်နေသူ စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်ရှိနေကာ တရုတ်နိုင်ငံနယ်စပ်အနီးတွင် အမိုးအကာအိမ်လေးများတည်ဆောက်ကာ ခိုလှုံနေကြရပြီး ဘက်ပေါင်းစုံလိုအပ်ချက်တွေလည်း ရှိနေကြပါတယ်။
“ဖိုင်ကောင်ကျေးရွာဒေသခံတွေကတော့ ယခင်ကရှိတဲ့ သဲအိမ်လေးထဲမှာ သွားနေကြတယ်၊ အချို့ကမရှိတော့ အဲ့အနီးတဝိုက်မှာ သဲလေးထိုးပြီး နေထိုင်နေကြပါတယ်၊ အများစုကတော့ ဖိုင်ကောင်နဲ့ ကောင်ဆာထိကျေးရွာက ဖြစ်ကြပါတယ်” လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ထိုဒေသတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှုတွေက အမြဲလိုလိုရှိနေပြီး ကျေးရွာနဲ့အလွန်နီးစပ်တဲ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာကြောင့် ယခုထက်ပိုမိုပြီး တိုက်ပွဲပြင်းထန်လာပြီး စားဝတ်နေရေး အခက်အခဲကြုံတွေ့ကြရမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြရပါတယ်။