ကေအိုင်အိုအစိုးရ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး ပညာရေးဌာနမှ စီမံချက်ချမှတ်ကာ ဦးစီးလုပ်ဆောင်နေတဲ့ ကျောင်းဆရာများကို သင်တန်းပို့ချပေးတဲ့အစီအစဉ်ကို ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဒေသအတွင်းရှိ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများနဲ့ ကျောင်းဆရာများကို ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဖြင့် သင်ကြားမှုလုပ်ဆောင်နေပါတယ်။
ယခုလိုလုပ်ဆောင်ခြင်းကို ယခင်နှစ်ကလည်းပြုလုပ်ခဲ့ကာ ယခုနှစ်မှာပိုမိုကျယ်ပြန့်တဲ့နည်းလမ်းများဖြင့် စနစ်တကျရှိစွာ ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ အဆင့် ၇ ဆင့်သတ်မှတ်ကာ လုပ်ဆောင်ရမည့်အရာများကိုလည်း ချမှတ်ကာ ကျောင်းတိုင်းလုပ်ကိုင်အသုံးပြုကြဖို့လည်း လုပ်ဆောင်ထားပါတယ်။
“ဒေသအားလုံးရှိကျောင်းများ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ သင်ကြားခြင်း၊ အုပ်ချုပ်ခြင်း၊ မိဘများရဲ့ ပါဝင်မှု၊ ကလေးများလည်းအသိပညာပိုင်းဆိုင်ရာ၊ ငွေကြေးစီမံခန့်ခွဲခြင်းတွေ၊ ကျောင်းနဲ့ပစ္စည်းများထိန်းသိမ်းခြင်း စတဲစနစ်ကျတဲ့နည်းနာများဖြင့် လုပ်ဆောင်သွားနိုင်ဖို့ပြင်ဆင်ထားပါတယ်” လို့ ပညာရေးဝန်ကြီးဌာန အတွင်းရေးမှူး ဆရာကြီး Hpun Pyen Zau Hkyen ကပြောပါတယ်။
ဒေသတွင်းဖွင့်လှစ်ထားတဲ့ ကျောင်းများအားလုံး ဖွံ့ဖြိုးတိုးတက်ခြင်း တူညီမှုရှိဖို့ ကျောင်းဘက်စုံဖွံ့ဖြိုးတိုက်တက်ရေးအစီအစဉ်ကို ဒေသအသီးသီးကို ပညာရေးဌာနကသွားရောက်ပြီး သင်တန်းပေးခြင်းများ ကျောင်းတွင်းကော်မတီဖွဲ့ခြင်း၊ ကျောင်းသားမိဘ၊ ကျောင်းသားများ၊ ကျောင်းဆရာများကို ကျောင်းတိုးတက်ရေးအစီအမံများ အမြင်ဖွင့်ဟောပြောခြင်းများကိုလည်း လုပ်ဆောင်နေကြပါတယ်။
ယခုလို ပညာရေးဝန်ကြီးဌာနမှ လုပ်ဆောင်နေတဲ့ ကျောင်းဆရာများကို သင်တန်းပေးခြင်းအစီအမံကို မြောက်ပိုင်းဒေသ၊ ဌာနချုပ်ဒေသတွေမှာ လုပ်ဆောင်ပြီးစီးသွားပြီဖြစ်ကာ အရှေ့ပိုင်းဒေသကိုတော့ ဇန်နဝါရီ ၂၃ က်နေ ၂၅ ရက်နေ့အထိ သင်တန်းပေးပြီး ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာတော့ ကျောင်းများတွင် လက်တွေ့လုပ်ဆောင်ခြင်းများ ပြလုပ်သွားမှာဖြစ်ပါတယ်။
ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ၂၀၂၁-၂၀၂၂ ခုနှစ် စာသင်နှစ်မှစတင်ပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်း (၁၃၀) တွင် သင်ကြားပို့ချ လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။