ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စာသင်ကျောင်းများ ရပ်နားထားရတာ အချိန် ၅ လကြာရှည်လာခြင်းကြောင့် အလန်းဘွမ်အထက်တန်း ဘော်ဒါကျောင်းတွင် စာသင်ကြားနေတဲ့ ကျောင်းသား ၅၀၀ ဝန်းကျင်က မိမိနေရပ်ပြန်ခဲ့ကြရကြောင်း သိရပါတယ်။

၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အလန်းဘွမ်ကျောင်းတွင် ကျောင်းသား (၂၂၀၀) ကျော် စာသင်ကြားနေတာဖြစ်ပြီး ဘော်ဒါတွင် နေထိုင်ကာ ကျောင်းတက်ရောက်နေသူကတော့ (၁၅၀၀) ကျော်ရှိတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျောင်းသား (၅၀၀) ဝန်းကျင် နေရပ်ပြန်ကြတာဖြစ်ပြီး ဘော်ဒါတွင် (၁၀၀၀) ကျော် ကျန်ရှိနေကြသေးတာဖြစ်ပါတယ်။
“ယခုနှစ် ပညာသင်နှစ်ကတော့ ဘယ်လိုရှေ့ဆက်မလဲဆိုတာ ပညာရေးဗဟိုဌာန ဘာမှတော့ အကြောင်းမပြန်သေးဘူး ဘော်ဒါမှာ လာရောက်နေထိုကြတို့ ကျောင်းသားမိဘများကလည်း စိတ်ရှုပ်ထွေးမှုနဲ့ ရင်ဆိုင်နေကြရတာပေါ့၊ ကပ်ရောဂါအခြေအနေကြောင့် ကျောင်းပိတ်ထားရခြင်းကို အားလုံးကို သိစေချင်ပါတယ်” လို့ အလန်းဘွမ် အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ခေါင်လွမ်း ကပြောပါတယ်။
အလန်းဘွမ် အထက်တန်းကျောင်းတွင် နယ်စပ်ဒေသရှိ စစ်ဘေးရှောင်စခန်းများမှ ကျောင်းသားများ လာရောက်ပညာသင်ကြားခံယူနေတာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီး တိုင်းပြည်မငြိမ်မသက်မှု ထပ်မံဖြစ်ပွားလာခြင်းကြောင့် အခြားသောဒေသ၊ ကျေးရွာများမှ ကျောင်းသားများကလည်း လာရောက်ပညာဆည်းပူနေကြတာ ဖြစ်ပါတယ်။