Covid-19 ရောဂါကြောင့် မြန်မာနိုင်ငံအတွင်း ကျောင်းများရပ်နားထားချိန်တွင် စစ်ဘေးရှောင်ကလေးသူငယ်များ စာပေကဏ္ဍတွင် စိတ်ဝင်စားမှုလျော့ကျလာမည်ကို မိဘများကစိုးရိမ်နေကြောင်း ဗန်းမော် ရောဘတ်စခန်းမှ ပြောကြားချက်အရသိရပါတယ်။
ကျောင်းများရပ်နားထားပေမယ့် အချို့သောကလေးများက သိသင့်သိထိုက်သောပညာများကို အွန်လိုင်းကနေတစ်ဆင့် ပညာသင်ကြားနိုင်နေပေမယ့် စစ်ဘေးရှောင်စခန်းမှ ကလေးများကတော့ နည်းပညာသုံးစွဲမှုအသိပညာ အသုံးချမှုအခွင့်နည်းပါးတာကြောင့်ခြေဦးတည်ရာမရှိဖြစ်နေကာ မူးယစ်ဆေးဝါးရောင်းဝယ်သူများရဲ့ ပစ်မှတ်တစ်ခုလိုဖြစ်နေတာကြောင့် ကျောင်းပြန်လည်ဖွင့်ချိန်တွင် ကျောင်းစာတွင် စိတ်ဝင်စားမှု လျော့ကျလာမည်ကို စိုးရိမ်နေကြရပါတယ်။
“ကလေးတွေအတွက် စိုးရိမ်စရာကတော့ အများကြီးရှိပါတယ်။ ပိုပြီးတော့ စိုးရိမ်တာက ဒီကလေးတွေ ဆေးလိပ်၊ အရက်တွေ မူးယစ်ဆေးဝါးတွေ စမ်းသပ်မိမှာကို မိဘတိုင်းက စိုးရိမ်နေကြပါတယ်” လို့ ဗန်းမော်ရောဘတ်စစ်ဘေးရှောင်စခန်း ကော်မတီခေါင်းဆောင် ဦးတန်ဂွန်းက ပြောပါတယ်။
ဗန်းမော်ရောဘတ်စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသောပြည်သူများကတော့ နမ့်မျဉ်ကျေးရွာ၊ မုန်ဒိန်ပါ၊ ကိုင်ထိပ်ကျေးရွာနဲ့အခြားသောကျေးရွာကနေ စစ်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူများဖြစ်ကာ ယခုအခါ စခန်းအတွင်း အိမထောင်စု (၆၀၀) ကျော်ရှိကြောင်း အိမ်ခြေအများစုတွင် ကျောင်းနေရွယ်ကလေးများနှင့်လူငယ်များ ရှိကြောင်း စခန်းတွင်းတာဝန်ရှိသူတစ်ဦးထံကနေ သိရှိရပါတယ်။