သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာက ကျောင်းထိုင်ဆရာတော်နဲ့ ဒေသခံတစ်ဦးတို့ ဇူလိုင် ၁၄ ရက်နေ့က ရွာအနီးမီးကြိုးပြင်ဖို့အသွား ညနေပိုင်း ၅ နာရီခွဲအချိန်တွင် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။ မိုင်းနင်းမိတဲ့ ကျောင်းထိုင်ဆရာတော်ဟာ သက်တော် ၃၆ နှစ်ရှိပြီဖြစ်ပြီး ရွာသားကတော့ အသက် ၂၀ သာရှိသေးကာ လိုက်ပါလာတဲ့ ကိုရင်လေးကတော့ ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။
မိုင်းနင်းမိတဲ့ နေရာအနီးရှိ တောင်မှာတော့ အစိုးရတပ်များမကြာခဏဆိုသလို လာရောက်နေထိုင်တဲ့နေရာဖြစ်တာကြောင့် သူတို့ထောင်ထားသော မိုင်းဖြစ်နိုင်သလို ကျန်ခဲ့တဲ့မိုင်းလည်း ဖြစ်နိုင်ပေမယ့် သေချာတော့ မသိရှိရသေးဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပျံလွန်တော်မူသွားခဲ့ ကျောင်းထိုင်ဆရာတော်ကတော့ မိုင်းနင်းမိတဲ့နေရာမှာပင် ပွဲချင်းပြီး ဆုံးပါးသွားကာ ရွာသားကတော့ အိမ်အရောက်တွင် သေဆုံးသွားတာဖြစ်ပါတယ်။ ယခုလို မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ဖြစ်စဉ်ကတော့ လော့နော်ကျေးရွာတွင် ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။