ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာရှိ ကချင်အမျိုးသား လူမူဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ အမျိုးသမီးရေးရာကော်မတီမှ ဦးစီးဖွင့်လှစ်ထားတဲ့ အခမဲ့ ကျောက်စိမ်းအချောထည် ပြုလုပ်ခြင်းသင်တန်းအစီအစဉ်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားရာကနေ စက်တင်ဘာလကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်ပေါ်လာတာကြောင့် သင်တန်းကို ခတ္တခဏရပ်နားထားရာကနေ ရောဂါကူးစက်မှုအခြေအနေပေါ် မူတည်ပြီး စက်တင်ဘာလကုန်ပိုင်းတွင် ပြန်လည်စတင်သင်ကြားပေးနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးကြောင့် ဘဝပျက်စီးသွားခဲ့ရတဲ့ အမျိုးသမီးများကို လူမှုဘဝမြင့်တင်ပေးနိုင်ဖို့၊ လူကောင်းအဖြစ် ပြုပြင်းပြောင်းလဲသွားနိုင်ဖို့နဲ့ ကျောက်အချောထည်ပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်သွားနိုင်ဖို့ ရည်ရွယ်လျှက် ယခင်နှစ်ကစတင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
သင်ကြားခံယူကြတဲ့ အမျိုးသမီးများကို ကျောက်အချောထည်ပြုလုပ်တဲ့ ပညာရပ် သင်ကြားပို့ချပေးတဲ့အပြင် အပိုဝင်ငွေရရှိဖို့လည်း အခွင့်အရေးပေးထားကြောင်း ကချင်အမျိုးသား လူမူဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဆရာဒါရှီနော်လောန် ကပြောပါတယ်။
“လက်ကောက်၊ လက်စွပ်တွေကို အချောထည်ဖြစ်ကောင်သင်ပေးတယ်၊ လက်ကောက်တစ်ခုပြီးစီးသွားရင် ဈေးနှုန်းသတ်မှတ်ပြီး သူတို့ရသင့်တဲ့ငွေကြေးကို ထောက်ပံ့ပေးတယ်၊ ကျတော်တို့ သတ်မှတ်ထားပေတာပေါ့၊ ကျွမ်းကျင်တတ်မြောက်သွားရင်တော့ အချောထည်လုပ်တဲ့နေရာတွေ ထပ်တိုးပြီး သူတို့ကို ပို့ချသူအနေဖြင့် အလုပ်ခန့်အပ်ပေးပါတယ်” လို့ သူကပြောပါတယ်။
ကချင်အမျိုးသား လူမူဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဆက်လက်ပြီးတော့ ဖားကန့်၊ ဆိုင်တောင်ကျေးရွာများတွင် ကျောက်အချောထည်ပညာ သင်ကြားပေးတဲ့နေရာတွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။