ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ဖားကန့်မြို့ ကျောက်စိမ်းမှော်အတွင်းရှိ လုပ်ကွက်တစ်ခုမှ မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ကာ သေဆုံးမှုများပြားနိုင်ပြီး ပျောက်ဆုံးမှုကလည်း ၄၀ နီးပါးရှိကြောင်း သိရှိရပါတယ်။
ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုဖြစ်တဲ့ YTT နဲ့ သံလွင်ဧရာ ကုမ္ပဏီလုပ်ကွက်ရှိ မြေစာပုံပြိုကျမှုကြောင့် လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေနေကြတဲ့ ကုမ္ပဏီဝန်ထမ်း ၄၀ နီးပါးပျောက်ဆုံးနေကာ လက်ရှိတွင် အလောင်း ၁၂ လောင်းကို ရှာဖွေထားနိုင်ကြောင်း ဒေသ သတင်းရင်းမြစ်အရသိရပါတယ်။
ကျောက်လုပ်ကွက်အတွင်းရှိ ဝန်ထမ်းအများစုပျောက်ဆုံးနေခြင်းဖြစ်ကာ မြေစာပိသွားခြင်းတွင် ဘက်ဟိုး (၃) စီးနဲ့ မြေသယ်ကား ၁ စီး လည်းပါဝင်သွားခဲ့ကာ ဒေသ လူမှုကယ်ဆယ်ရေးအသင်းများက ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေဆဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်စာရင်းကိုတော့ လက်တလောတွင် မသိရှိနိုင်သေးကြောင်းလည်း ပြောဆိုပါတယ်။
ဖားကန့် ကျောက်စိမ်းမှော်တွင် ယခုလို မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုတွေက အမြဲလိုလို ရှိလာနေပြီး ကျောက်စိမ်းရှာဖွေရေး ကုမ္ပဏီများရဲ့ စနစ်တကျစွန်ပစ်ခြင်းမရှိတဲ့ မြေစာပုံများကြောင့် ပြိုကျမှုတွေကလည်း ရှိနေပြီး လူသေဆုံးရမှုတွေကလည်း အမြဲရှိနေပါတယ်။