ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။
ဖားကန့်မြို့နယ်၊ ယူမာကျေးရွာတွင် ယနေ့ ဇန်နဝါရီ ၂၃ ရက် မနက် ၅ နာရီခွဲခန့်က အဲဗားဝင်းနားကျောက်ကုမ္ပဏီဝင်းတွင် တပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မဟာ ၉ တပ်ရင်း ၆ နဲ့ KPDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၂၀ ဝန်းကျင်ဖြင့် အဆိုပါ ကျောက်လုပ်ကွက်ဝင်းတွင် လာရောက်တပ်စွဲနေထိုင်နေစဉ် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မှုများနိုင်ကြောင်း သိရပါတယ်။
ထိခိုက်သေဆုံးမှုရှိခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်ဘက် လက်နက်ကြီးရမ်းသမ်းပစ်ခိုက်လိုက်တာကြောင့် ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှုရှိခဲ့ပေမယ့် တစ်စုံတစ်ရာ ထိခိုက်မှုတော့ မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဖားကန့်မြို့တွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကျောက်စိမ်းလုပ်ကွက်များအတွင်း တပ်စွဲနေထိုင်ခြင်းများ လုပ်ဆောင်ကာ၊ စစ်တပ်နဲ့ မပြေလည်တဲ့ ကုမ္ပဏီဝင်းများကိုလည်း ဝင်ရောက်စီးနင်းခြင်းများ လုပ်ဆောင်နေပြီး တပ်စွဲနေရာယူထားတဲ့နေရာများကနေလည်း လက်နက်များ ပစ်ခတ်မှုတွေ မကြာခဏလုပ်ဆောင်လေ့ရှိတာကြောင့် ဒေသခံများ ထိပ်လန့်မှုတွေ နဲ့ မလုံခြုံစွာ နေထိုင်နေကြရကြောင်း ပြောဆိုကြပါတယ်။