ကေအိုင်အိုထိန်းချုပ်နယ်မြေ မြောက်ပိုင်းဌာနချုပ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် စောင့်ကြည့်ခံသူ လူဟောင်းနဲ့ လူသစ် ရောနှောနေထိုင်နေတာကြောင့် စောင့်ကြည့်ခံသူများ ထိရောက်မှုမရှိဖြစ်မည်ကို စိုးရိမ်နေရပါတယ်။
စက်တင်ဘာလက အခြားမြို့ကြီးကနေ လာရောက်တဲ့ခရီးသွားပြည်သူများကို ဇွပ်မိုင်ယန်နဲ့ မုန်းယန်ဇွပ် စောင့်ကြည့်ရေးနေရာများတွင် နေထိုင်နေကြရတာဖြစ်ပါတယ်။
“ကျတော်တို့ မုန်းယန်ဇွပ်စောင့်ကြည့်ရေးနေရာမှာ နေရာထိုင်ခင်းမလောက်တာကြောင့် မြစ်ကြီးနားကနေ ရောက်လာသူများကို စင်တာဘက်ကို မဝင်ခိုင်းသေးပဲ ငှက်ပျောတောမှာ နှစ်ရက် သုံးရက်လောက်နေပြီးမှ စောင့်ကြည့်ရေးနေရာဘက်ကို နေရာပေးတာပေါ့၊ ဒီမှာက လူဟောင်းရော လူသစ် ရောနှောနေတာကြောင့် ထိရောက်မှုမရှိမှာကို စိုးရိမ်တယ်၊ အသစ်ရောက်လာသူတွေကို ကျတော်တို့နဲ့ ရောနှောခြင်းမလုပ်ပဲ သီးသန့်ထားစေချင်တယ်” လို့ စောင့်ကြည့်ခံနေသူ တစ်ဦးကပြောပါတယ်။
စောင့်ကြည့်ရေးစင်တာတွင် ရေအခက်အခဲရှိနေသလို စောင့်ကြည့်ခံသူများ စိုးရိမ်စိတ်မြင့်မားနေကာ အချို့ကလည်း ဖျာနာမှုတွေရှိလာပြီး လည်ချောင်းနာမှုတွေ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
“အရေးကြီးတာက ရေပဲ၊ ဒီမှာက လူဦးရေလည်းများတာကြောင့် စင်တာမှာ လာနေတော့မှ ဖျားချင်စိတ်တောင် ဖြစ်မိတယ်, သောက်ရေကလည်း မသန့်နေတော့ လည်ချောင်းနာချင်စိတ်ပေါက်နေတယ် ဒီရောဂါကလည်း လည်ချောင်းနာတာလည်း ပါနေတော့ စိုးရိမ်မိတယ်”
ဒီစောင့်ကြည့်ရေးနေရာ နှစ်နေရာတွင် ဆရာဝန်များနဲ့ စေတနာ့ဝန်ထမ်းများ လုံလောက်မှုမရှိတာကြောင့် ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိပေမယ့် စောင့်ကြည့်ခံသူများကို ကျန်းမာရေးနဲ့သက်ဆိုင်ပြီး အရေးတယူလုပ်ဆောင်ပေးနေတယ်လို့ ဆရာဝန် မနောင်တန်ညန် ကပြောပါတယ်။
လက်ရှိအချိန်ထိ ကျန်းမာရေးစောင့်ကြည့်ခံနေသူ အယောက် (၁၀၀) ကျော်ရှိနေပါတယ်။